Lemon Candy လေး စားရသလို ချဉ်ပြုံးပြုံး ချိုမြမြအရသာမျိုး ကြိုက်တယ်ဆိုရင်တော့ Lemon Drop ကော့လ်တေး ကိုလည်း သေချာပေါက် ကြိုက်မှာပါ။ Lemon သကြားလုံးနဲ့နာမည်တူ Lemon Drop ကော့လ်တေးကို ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Henry Africa’s Bar မှာ ၁၉၇၀ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကော့လ်တေးကို စတင်တီထွင်ခဲ့သူရဲ့နာမည်ကိုတော့ မသိရပေမယ့်လည်း တချို့ကတော့ Henry Africa’s Bar ရဲ့ Founder ဖြစ်သူ Norman Jay Hobday ဖန်တီးခဲ့တာလို့ Credit ပေးကြပါတယ်။
Photo : A Couple Cooks
Lemon Drop ကော့လ်တေးကို Lemon Drop Martini လို့လည်း လူသိများပြီး ဗော့ဒ်ကာ ၊ Lemon Juice ၊ Cointreau သို့မဟုတ် Triple Sec ၊ Simple Syrup စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိက ဖျော်စပ်ထားပါတယ်။ ပါတီပွဲအခမ်းအနားတွေ ၊ ညနေခင်းဒင်နာပါတီတွေမှာ တည်ခင်းလို့အလိုက်ဖက်ဆုံးဖြစ်ပြီး ချဉ်ပြုံးပြုံး ချိုမြမြအရသာနဲ့ လန်းဆန်းစေ တဲ့ ကော့လ်တေးတစ်ခွက်ဖြစ်ပါတယ်။ ကွီးတို့အိမ်မှာပဲ ကိုယ်တိုင်အလွယ်ကူဆုံး ဖျော်စပ်နိုင်ဖို့ Lemon Drop ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။
Photo : A Couple Cooks
အရင်ဆုံး Martini ဖန်ခွက်လိုပါမယ်။ ဖန်ခွက်နှုတ်ခမ်းဝကို သံပုယိုခြမ်းလေးနဲ့ ပွတ်ပြီး သကြားထည့်ထားတဲ့ ပန်းကန်တစ်ခုထဲနှစ်ကာ ဖန်ခွက်မှာသကြားမှုန့်လေးတွေ ကပ်ပေးလိုက်ပါ။ နောက်တဆင့်အနေနဲ့ကတော့ ကော့လ်တေး Shaker ထဲကို ဗော့ဒ်ကာ ၄၅ ml ၊ Lemon Juice ၃၀ ml ၊ Cointreau သို့မဟုတ် Triple Sec ၁၅ ml ၊ Simple Syrup ၁၅ ml တို့ရောထည့်ပြီး ရေခဲအနည်းငယ်ထည့်ကာ အေးသွားတဲ့အထိ ရှိတ်ပေးပါ။ ပြီးတဲ့အခါမှာတော့ သကြားမှုန့်ကပ်ထားတဲ့ ဖန်ခွက်ထဲကို ကော့လ်တေးဖျော်ရည် လောင်းထည့်ပြီး သံပုယိုခွံလေးနဲ့ အလှဆင်ပြီး အရသာရှိတဲ့ ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပါပြီ။
Featured Photo : Rocky Mountain Lodge