၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံက Unicorn တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် ဘဝပျက်သွားခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး တိုတောင်းလှတဲ့ ၁၀ စုနှစ် တစ်ခုတာ ကာလအတွင်း ဒီကုမ္ပဏီရဲ့ တိုးတက်မှုဟာ မြန်ဆန်လွန်းလို့ အားလုံးက အံအားတကြီး စောင့်ကြည့်တဲ့ အဆင့်ရောက်ခဲ့ဖူးပြီး ဒီနေ့အချိန်မှာတော့ ဆီလီကွန်တောင်ကြားကနေ ထွက်သွားရတဲ့အထိ ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကုမ္ပဏီကတော့ LeEco နည်းပညာကုမ္ပဏီဖြစ်ပါတယ်။

LeEco ဘာ့ကြောင့် ကျရှုံးခဲ့တာလဲဆိုတာကို လေ့လာပြီး သင်ခန်းစာယူမယ်ဆိုရင် Startup လုပ်ငန်းတစ်ခု တည်ထောင်မယ့်သူများအတွက် အများကြီး အကျိုးရှိပါလိမ့်မယ်။

(၁) မနိုင်မနင်း လုပ်ငန်းကို အမြန်ချဲ့ထွင်ခြင်း

Source: pexels

LeEco ကို Video Streaming ကုမ္ပဏီအဖြစ် လူသိများပါတယ်။ ကုမ္ပဏီ CEO ဂျာယုတင်ဟာ နာမည်ကြီး အမေရိကန်ရုပ်သံကုမ္ပဏီ Netflix ကို ယှဉ်ဖို့ သိပ်လောကြီးသွားခဲ့ပြီး ကုမ္ပဏီ ငွေကြေးကြပ်တည်းနေချိန်မှာ သူ့ကိုယ်ပိုင်ငွေ ၊ အပြင်ဘဏ်ချေးငွေပါ ယူပြီး အမေရိကန် TV ကုမ္ပဏီ Vizio ကို ဒေါ်လာ ၂ ဘီလျံနဲ့ ဝယ်ဖို့လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဆီလီကွန်တောင်ကြားမှာ ရုံးစိုက်နေတဲ့ LeEco ဟာ ဝန်ထမ်းလစာတောင် အလျင်မီအောင် မပေးနိုင်တော့ပါဘူး။ နောက်ဆုံး Vizio နဲ့ လည်း အရောင်းအဝယ်ပျက် ၊ တရားတဘောင်ဖြစ် ၊ ကုမ္ပဏီသူဌေး ဂျာယုတင်ကိုယ်တိုင် ဒေဝါလီခံပြီး CEO ရာထူးက ဆင်းသွားရပါတယ်။

သင်ခန်းစာ။ ။ ကိုယ့်အစီအစဉ် Plans တွေက ရည်မှန်းချက် ကြီးတာနဲ့အမျှ ငွေကြေးပိုင်းကို စီမံရာမှာ ပိုပြီး ရှေးဆန်သင့်ပါတယ်။

(၂) တရုတ်မှာ လုပ်သလိုမျိုး အမေရိကန်မှာ လုပ်ဆောင်ခဲ့တာ

Source: unsplash

အမေရိကန်ကို LeEco ဝင်လာတဲ့ ပုံက တရုတ်မှာ သုံးသွားတဲ့ စီးပွားရေးဗျူဟာနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ ဥပမာ- အွန်လိုင်းကနေပဲ Flash Sales ရောင်းတာမျိုးကို အမေရိကန်ဈေးကွက်ထဲ သွားရောင်းပါတယ်။ တိုးတက်ပြီး ဈေးကွက်ဖြစ်တဲ့ အမေရိကန်မှာတော့ Flash Sale ကနေ စမတ်ဖုန်းရောင်းတာ စိတ်မဝင်စားသလို ဝယ်ယူအားပေးတာလည်း မရှိခဲ့ပါဘူး။

သင်ခန်းစာ ။ ။ သင့်ရဲ့ ဈေးကွက်အထာကို နားလည်ပါ။

(၃) ဒေသတွင်း ဇရှိတဲ့ ပညာရှင်ကို အလုပ်မခန့်ခဲ့ဘူး။

Source: pixabay

ကိုယ်ဖြန့်ချိလိုက်မယ့် ဈေးကွက်သစ်ကို နားလည်ဖို့ အလွယ်ဆုံးနည်းက ဒေသခံဝန်ထမ်းတွေ ငှားတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဈေးကွက်သဘော ကွာခြားသွားတဲ့ အမေရိကန်မှာ ဒီဈေးကွက်ကို တကယ်နားလည်ပါးနပ်စွာနဲ့ ထိုးဖောက်နိုင်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေကို LeEco ငှားတာမျိုး မလုပ်ခဲ့ပါဘူး။ ရောက်လာတဲ့ ဝန်ထမ်းတွေကိုလည်း မထိန်းထားနိုင်ခဲ့ပါဘူး။

သင်ခန်းစာ။ ။ လမ်းပြငှားပြီး ခရီးသွားပါ။

(၄) ကုန်အမှတ်တံဆိပ် တည်ဆောက်ဖို့ အချိန်မယူခဲ့ခြင်း

Source: unsplash

တကယ်နာမည်ကြီးတဲ့ Brand တစ်ခုဖြစ်ရင်တောင် LeEco ဆိုတာ ဘာလဲ သိဖို့ မိတ်ဆက်ခဲ့သင့်ပါတယ်။ နောက်ဆုံး LeEco ရဲ့ Flash Sale ဆိုတာ အမေရိကန်ဈေးကွက်မှာ ဘာအဓိပ္ပါယ်မှ ရှိမနေခဲ့တာဟာ Brand ကို လူတွေ မသိသေးတာကြောင့်လည်း ပါပါတယ်။ ဆီလီကွန်တောင်ကြားဆိုတာ ကမ္ဘာ့ အမြင့်ဆုံး နည်းပညာကုမ္ပဏီတွေ စုဝေးရာဖြစ်လို့ အဖိုးနည်း ဝန်ပါလုပ်ချင်တဲ့ LeEco Brand ကို လူသိဖို့မလွယ်ခဲ့ပါဘူး။

သင်ခန်းစာ။ ။ Brand နာမည်တည်ဆောက်တာကို နေ့ချင်းညချင်း လုပ်ရတာ မဟုတ်ပါဘူး။ ကိုယ်နယ်မှာ ကိုယ့်ပစ္စည်းနာမည်ကြီးတိုင်း တစ်ခြားတစ်နေရာမှာလည်း ဒီအတိုင်းလို့ မယူဆလိုက်ပါနဲ့။