ဘီယာမှာ လူတိုင်းမသိသေးတဲ့ ထူးခြားတဲ့ အစွမ်းသတ္တိတွေ များစွာရှိပါတယ်။ ဘီယာဟာ မုယောစပါးကို အခြေခံ ထုတ်လုပ်ထားတာဖြစ်ပြီး ဗီတာမင်ဓာတ် ၊ ပရိုတင်းဓာတ်များကြွယ်ဝစွာ ပါဝင်တာကြောင့် အသင့်အတင့်မှီဝဲပါက ကျန်းမာရေးအတွက်များစွာ အထောက်ကူဖြစ်စေပါတယ်။ ဒါ့အပြင်ဘီယာဟာ သင့်ရဲ့ ဆံကေသာအတွက်လည်း များစွာအကျိုးကျေးဇူး ဖြစ်ပေါ်စေတယ်လို့ လေ့လာတွေ့ရှိချက်များ အရသိရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘီယာနဲ့ ဆံကေသာကို ဘယ်လိုပေါင်းတင်ရမလဲဆိုတဲ့နည်းလမ်းကောင်းများကို မျှဝပေးချင်ပါတယ်။

(၁) ဘီယာခေါင်းလျှော်ရည်

Source : Birchbox

ရှေးဦစွာ ဘီယာ (၂) ခွက်ခန့်ကို အိုးတစ်ခုအတွင်းထည့်ကာ (၁၅) မိနစ်ခန့် ကျိုချက်ရပါမယ်။ အဲ့ဒီနောက်မှာတော့ ကျိုချက်ပြီးသားဘီယာကို အအေးခံပေးပါ။ ဘီယာအေးသွားပြီဆိုတာနဲ့ တစ်ခါသုံး ခေါင်းလျှော်ထုပ်တစ်ထုပ်ခန့် ထည့်ပြီး သမအောင် မွှေရပါမယ်။ ထို့နောက်ဆံကေသာကို ရေအေးနဲ့ လောင်းပြီး ခုနက သမအောင်မွှေထားတဲ့ ဘီယာနဲ့ခေါင်းလျှော်ရည်အရောအနှောကို ဦးခေါင်းပေါ်သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့် နှိပ်နယ်ပြီးတာနဲ့ ခေါင်းလျှော်လိုက်လို့ရပါပြီ။

(၂) ဘီယာနှင့် ကြက်ဥ

Source : The Idle Man

ဒီနည်းမှာလည်း ဘီယာတစ်ခွက်ခန့်ကို ခွက်တစ်ခုအတွင်းထည့်ကာ ထောပတ်ဆီအနည်းငယ်ရယ် ကြက်ဥ (၂) လုံးခန့် ဖောက်ထည့်ပြီး သမအောင်မွှေပေးရပါမယ်။ သမအောင်မွှေပြီးပါက ဦးရေပြားအထက်သို့ အဆိုပါ ကြက်ဥနဲ့ ဘီယာအရောအနှောကို ဦးရေပြားအရင်းကနေ ဆံသားအဖျားအထိ နှံ့အောင်လိမ်းကာ နှိပ်နယ်ပေးရပါမယ်။ ထို့နောက် အဝတ် (သို့) ရေချိုးရင်သုံးတဲ့ Shower Cap ကို မိနစ် (၃၀) စွပ်ထားရပါမယ်။ အဲ့ဒီနောက်မှာတော့ အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ ခေါင်းလျှော်လိုက်ရင်ရပါပြီ။ Conditioner ထပ်မံ အသုံးပြုမယ်ဆိုရင်လည်း ရပါတယ်။

(၃) ဘီယာနှင့် ပျားရည်

Source : Spy

ဒီတစ်ခေါက်မှာ ပါဝင်မယ့်ပစ္စည်းလေးတွေကတော့ ဘီယာတစ်ခွက် ၊ ပျားရည်အနည်းငယ် ၊ ငှက်ပျောသီးတစ်လုံးနဲ့ ကြက်ဥအနှစ်တစ်လုံးပဲဖြစ်ပါတယ်။အထက်ပါနည်းတွေအတိုင်းပဲ ပါဝင် ပစ္စည်းအားလုံးကိုရောပြီး သမအောင် မွှေပေးရပါမယ်။ ပြီးတဲ့အခါမှာ အဆိုပါ အရောအနှောကိုလက်နဲ့ယူပြီး ဆံသားပေါ်အနှံ လိမ်းကျံပေးရပါမယ်။ ထို့နောက် Shower Cap ကိုအသုံးပြုပြီး (၄၅) မိနစ်ခန့်ကနေ (၁) နာရီအထိပေါင်းထားရမယ်။ အချိန်စေ့တဲ့အခါ ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်လို့ရပါပြီ။

အထက်ပါနည်းလေးတွေဟာ လွယ်လွယ်ကူကူနဲ့ ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်ပြီး ဆံသားနှစ်ခွဖြစ်ခြင်း ၊ ဦးရေပြား ခြောက်သွေ့ယားယံခြင်းတို့ကိုကာကွယ်ပေးတဲ့အပြင် ကျန်းမာ သန်စွမ်းတဲ့ဆံကေသာကို ရရှိစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်ပါတယ်။