အရည်အချင်းရှိပြီး အရာရာဦးဆောင်နိုင်တဲ့အမျိုးသားတစ်ယောက်က ဘဏ်အကောင့်ထဲမှာ ပိုက်ဆံအများကြီးရှိနေရုံ၊ ဗလတောင့်ပြီး ကြွက်သားတွေကြီးမားနေရုံနဲ့ မပြီးသေးပါဘူး။ အပြင်ပန်းသဏ္ဍာန်က ကြံ့ခိုင်နေရမှာဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အခြားသူတွေထက် သာလွန်မြင့်မြတ်နေရပါမယ်။ ဒါမှ လူကြီးလူကောင်းဆန်တဲ့အမျိုးသားတစ်ယောက်ဖြစ်မှာကိုး။

ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ ထက်မြက်တဲ့ယောကျာ်းတစ်ယောက်အဖြစ် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်စွာနဲ့ဖြတ်သန်းနိုင်မယ့် နည်းလမ်း (၆)ချက်ကို ဖော်ပြပေးချင်ပါတယ်။

၂၀၁၈ ကထက် စာများများဖတ်ပါ

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း စာများများဖတ်ခြင်းက သင့်ကို အသိဥာဏ်တွေ ကြွယ်ဝလာအောင် ကူညီပေးပါတယ်။ စိတ်ပြေလက်ပျောက်ဖတ်ချင်တယ်ဆိုရင်တော့ ဝတ္ထုစာအုပ်လေးတွေ၊ ဟာသစာအုပ်လေးတွေ ဖတ်လို့ရပါတယ်။ ဘဝတိုးတက်ရာတိုးတက်ကြောင်းလေးတွေဖတ်ချင်တယ်ဆိုရင်လည်း စိတ်ဓာတ်မြင့်တင်ရေးစာအုပ်လေးတွေဖတ်ပါ။ ဒါ့အပြင် မိန်းကလေးတွေက စာဖတ်ဝါသနာပါတဲ့အမျိုးသားတွေက စတိုင်လ်ကျတယ်လို့ ထင်မြင်ကြပါတယ်။

နေရောင်ခြည်နဲ့ ထိတွေ့ပေးဖို့ မမေ့ပါနဲ့

တစ်ချို့အမျိုးသားတွေက အိမ်မှာပဲ အိမ်တွင်းအောင်းရတာကို သဘောကျကြပါတယ်။ ဒါပေမဲ့ နေရောင်ခြည်က သင့်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို သင်သိပါသလား။ အီလီနွိုက်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ပြတင်းပေါက်နားမှာ ထိုင်ပြီး အလုပ်လုပ်ရတဲ့သူက ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီးတော့ သူ့ရဲ့အခြားလုပ်ဖော်ကိုင်ဖက်တွေထက် ပိုမိုတက်ကြွပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရလေ့ရှိပါတယ်။

ဖုန်းသုံးတဲ့အချိန် လျော့ချပါ

ယနေ့ခေတ်က အင်တာနက်ခေတ်ဆိုတော့ လူတိုင်းက စမတ်ဖုန်းနဲ့ မျက်နှာနဲ့မခွာနိုင်ဖြစ်နေကြတာကတော့ အမှန်တရားပါပဲ။ ဒီလိုမျိုး စမတ်ဖုန်းအတွက်ပဲ အချိန်ပေးတာက သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး လူမှုဘဝကို ထိခိုက်နိုင်သလို၊ သင့်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ လူအများစု တဖြည်းဖြည်းအထီးကျန်ဆန်လာရတဲ့အကြောင်းအရင်းကတော့ စမတ်ဖုန်းကြောင့်ပဲဖြစ်ပါတယ်။ ဘဝကို အနှစ်သာရရှိရှိဖြတ်သန်းချင်တယ်ဆိုရင်တော့ မိသားစုနဲ့ ချစ်သူခင်သူတွေကို အချိန်များများပေးပါ။ စမတ်ဖုန်းသုံးတဲ့အချိန် လျော့ချပစ်ပါ။

အိပ်ရေးဝဝအိပ်ပါ

Source: allindiablogging.in

အိပ်စက်ခြင်းက လူသားတွေအတွက် အင်မတန်အရေးပါ ပါတယ်။ အိပ်စက်တဲ့အချိန်မှာ သင့်ခန္ဓာကိုယ်နဲ့ သင့်စိတ်က တစ်နေကုန်ပင်ပန်းထားသမျှကို ပြန်လည်အားမွေးနေရပါတယ်။ ဒါ့အပြင် သင်အိပ်စက်တဲ့အခါ ဗီတာမင် Z ဆိုတဲ့ အာဟာရဓာတ်ကိုလည်း ထုတ်လွှတ်ပေးပါတယ်။ ထိုအာဟာရဓာတ်မပြည့်ဝဘူးဆိုရင် မှတ်ဥာဏ်စွမ်းအား ကျဆင်းလာခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းလာခြင်းအပြင်၊ ကိုယ်အလေးချိန် အဆမတန်တက်လာပါလိမ့်မယ်။

အရာရာကို သင့်ဘက်ကပဲ စတင်လိုက်ပါ

ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူနဲ့ စကားပြောဖို့ အကြောင်းဖန်လာတဲ့အခါ သင့်ဘက်ကပဲ အရင်ဆုံး ရင်းနှီးဖော်ရွေပြလိုက်ပါ။ ရင်းနှီးဖော်ရွေတတ်ခြင်းက သင့်အတွက် အခွင့်အလမ်းအမြောက်အမြား ဆောင်ကျဉ်းပေးနိုင်ပါတယ်။

နောက်တစ်နေ့ဝတ်မယ့်အဝတ်အစားကို ကြိုတင်ပြင်ဆင်ထားပါ

မနက်ရုံးသွားတက်တဲ့အခါ ဝတ်မယ့်အဝတ်အစားကို ညကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းက မနက်ရောက်မှ အိပ်ရာထနောက်ကျလို့ ဝရုန်းသုန်းကား မသပ်မရပ်ပုံစံနဲ့ရုံးတက်ရတဲ့ပြဿနာက ကင်းဝေးပါလိမ့်မယ်။ ဒါ့အပြင် အရာရာကို ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်လေး စွဲကပ်သွားတာက သင့်ဘဝတိုးတက်အောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပါတယ်။

Source: fashionbeans.com