အောင်မြင်မှုစံဟာ တစ်ဦးချင်းစီရဲ့ လိုအင်နဲ့ သတ်မှတ်ချက်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ တစ်ချို့သူတွေအတွက် အောင်မြင်မှုဟာ ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံကုံလုံတာဖြစ်ပြီး တစ်ချို့သူတွေအတွက် ပျော်စရာကောင်းတဲ့ မိသားစုရတာ ၊ ကိုယ့်ရဲ့ Dream Job အတိုင်း အသက်မွေးရတာနဲ့ ကျန်းကျန်းမာမာ နေနိုင်တာမျိုး ဖြစ်ပါလိမ့်မယ်။ ဘဝမှာ ကိုယ်နေချင်တဲ့ ပုံစံအတိုင်း နေထိုင်သွားနိုင်တဲ့သူဟာ အောင်မြင်တဲ့သူပါပဲ။ အောင်မြင်တဲ့ဘဝတစ်ခုကို ပုံဖော်နိုင်ဖို့အတွက် ဘဝကို ပြောင်းလဲပေးမယ့် နည်းလမ်းလေးတွေ သိရှိလိုက်နာဖို့ လိုပါတယ်။ အခုပြောမှာကလည်း ဒီနည်းလမ်းလေးတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။
(၁) ပြတ်သားတဲ့ ပန်းတိုင်ထားပါ

Photo: Freepik
ပန်းတိုင်တစ်ခုဟာ ဘဝကို ဦးတည်ချက်နဲ့ သွားတဲ့သူတွေအတွက် အလံတစ်ခု ၊ မြေပုံ ၊ မီးအိမ်တစ်ခု ဖြစ်ပါတယ်။ ပန်းတိုင်ဆိုတာ သိပ်အများကြီး မဟုတ်ပါဘူး။ ခရီးထွက်ဖို့အတွက် ရည်မှန်းချက်ထားပြီး ပိုက်ဆံစုတာ ၊ ပိုကောင်းတဲ့ အလုပ်အကိုင်တစ်ခု ရဖို့ ကိုယ့်အရည်အချင်းကို မြှင့်တာနဲ့ ဘာသာစကားသစ်သင်ဖို့ လေ့လာမှုလုပ်တာတွေ ပါဝင်ပါတယ်။
(၂) တက်ကြွကျန်းမာအောင် နေထိုင်ပါ

Photo: Freepik
ကျန်းမာရေးကို လျစ်လျှူရှုထားခြင်းဟာ အဆိုးဝါးဆုံးအမှားတစ်ခုကို ကျူးလွန်လိုက်တာပါပဲ။ နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်း လေ့ကျင့်ခန်းလေးတစ်ခုလောက် လုပ်တာ ၊ ကျန်းမာအောင် နေထိုင်စားသောက်တာနဲ့ စိတ်ကို အေးချမ်းပျော်ရွှင်အောင် ထားတတ်ဖို့ လိုပါတယ်။
(၃) အလုပ်အကိုင်ပြောင်းပါ

Photo: Freepik
တကယ်လို့ သင့်အလုပ်က ငြီးငွေ့စရာကောင်းနေပြီး ဘာတက်လမ်းမှ မရှိတဲ့ အလုပ်မျိုးဆိုရင် အလုပ်အကိုင်ပြောင်းပါ။ အလုပ်လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုမရှိဘူး ၊ အလုပ်ကြောင့် ကိုယ့်မှာ ဂုဏ်ယူရလောက်တဲ့ ခံစားရမှုမျိုး မရှိဘူး ဆိုရင် ကိုယ့်ကိုယ်ကိုယ် လေးစားလောက်တဲ့ ၊ ကိုယ့်စွမ်းအားရဲ့ ရလဒ်ကြောင့် ကျေနပ်ပျော်ရွှင်ရတဲ့ အလုပ်သစ်ကို ပြောင်းလဲသင့်ပါတယ်။
(၄) ဝါသနာအသစ်ပြောင်းပါ

Photo: Freepik
ဘဝဆိုတာ အသက်ကြီးလာလေလေ တိုတောင်းသွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ သိရလေလေပါပဲ။ ဒါကြောင့် အသက်ကြီးပြီး မလုပ်နိုင်မကိုင်နိုင် မဖြစ်ခင်မှာ ကိုယ့်တစ်ဘဝတာလုံးအတွက် အကျိုးများပြီး ကျေနပ်ပျော်ရွှင်ရတဲ့ ဝါသနာလေးတွေ လိုက်စားပေးသင့်ပါတယ်။ အဲ့ဒီဝါသနာမျိုးဟာ စာဖတ်တာလိုမျိုး ဦးနှောက်နဲ့ အသိဉာဏ်ကို မြှင့်ပေးတာမျိုးလည်း ဖြစ်ချင် ဖြစ်မယ်။ ခရီးသွားတာလိုမျိုး ဒေသန္တရဗဟုသုတနဲ့ အတွေ့အကြုံသစ်တွေ ရတဲ့ ဝါသနာမျိုးလည်း ဖြစ်နိုင်ပါတယ်။
(၅) အကောင်းမြင်မှု မွေးယူပါ

Photo: Freepik
စိတ်ဆိုတာ ဒီအတိုင်း လွှတ်ထားရင် မကောင်းတဲ့သဘောမှာပဲ နစ်ဝင်ပျော်မွေ့တတ်တာကြောင့် ကောင်းမွန်ပြီး အပြုသဘောမြင်အောင် ထိန်းကျောင်းလေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ကို ဆုံးမအောင်နိုင်တဲ့ သူဟာ ဘဝမှာ အကြီးမားဆုံး အောင်မြင်မှု ရသူပဲ ဖြစ်ပါတယ်။
