ဆေးလိပ်သောက်သူ ၆၇၀၀ ကို လေ့လာမှုအရ ရံဖန်ရံခါ ဆေးလိပ်သောက်တဲ့သူတွေလည်း နီကိုတင်းစွဲလမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှုခံယူဖို့ လိုတယ်လို့ ဆိုပါတယ်။
တစ်နေ့ဆေးလိပ်တစ်လိပ်ပဲ သောက်တဲ့သူတွေကို ရှောင်တခင်ဆေးလိပ်သောက်သူ Casual Smoker တွေအဖြစ် သတ်မှတ်ထားကြတာပါ။ ဒါပေမယ့်လည်း တစ်ရက်ကို စီးကရက် ၁ လိပ်ကနေ ၄ လိပ်သောက်လေ့ရှိတဲ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ နီကိုတင်းစွဲလမ်းမှု ဖြစ်နေကြတယ်လို့ အမေရိကန်ကျွမ်းကျင်သူတွေက တွေ့ရှိထားတာပါ။

Photo: Medical New Today
“အရင်က တစ်ရက်ကို ဆေးလိပ် ၁၀ လိပ်နဲ့ အထက် သောက်သူမျိုးကို ဆေးလိပ်စွဲကြတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခု လေ့လာမှုအရ နေ့တိုင်း သောက်တာမျိုးတောင် မဟုတ်တဲ့ ပေါ့ပေါ့ပါးပါး ဆေးလိပ်သမားတွေလည်း စီးကရက်စွဲနိုင်တယ်လို့ တွေ့ရပါတယ်။ ” လို့ Penn State University မှ အများပြည်သူ ကျန်းမာရေးသုတေသီ ယောနသန် ဖိုးဒ်က ဆိုပါတယ်။
သုတေသီတွေအနေနဲ့ ဆေးလိပ်သောက်သုံးမှုပုံစံအကြောင်းလည်း အတိအကျသိရဖို့လိုသေးတယ်လို့ ဆိုပါတယ်။ ပြောနိုင်တဲ့အချက်က ဆေးလိပ်များများစားစား မသောက်တတ်သူတွေဟာ ဆေးလိပ်အကြီးအကျယ်သောက်သူတွေနဲ့စာရင် ကျန်းမာရေးအန္တရာယ်နည်းတယ်လို့ ဆိုနိုင်ပေမယ့် ကျန်းမာရေးထိခိုက်မှုတော့ ရှိကြတယ်လို့ ပရော်ဖက်ဆာ အိုလီဗာက ပြောပါတယ်။
ပညာရှင်တွေဟာ အမျိုးသားကျန်းမာရေးအင်စတီကျူ့ဒ်က စုဆောင်းထားတဲ့ ဒေတာတွေကို သုံးပြီး ခွဲခြမ်းလေ့လာခဲ့တာ ဖြစ်ပါတယ်။ လေ့လာရာမှာလည်း နီကိုတင်းစွဲလမ်းမှုနဲ့ပတ်သက်ပြီး DSM-5 စံနှုန်းတွေနဲ့ အကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုရဲ့အဓိက တွေ့ရှိချက်ကတော့ တစ်ရက် ဆေးလိပ် ၁ လိပ်ကနေ ၄ လိပ်အကြား သောက်သူတွေရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ စီးကရက်စွဲလမ်းမှု ဖြစ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

Photo; Freepik
နေ့တိုင်း ဆေးလိပ်သောက်သူတွေရဲ့ ၈၅ ရာခိုင်နှုန်း နီကိုတင်းအပျော့ ၊ အသင့်အတင့်နဲ့ အပြင်းစား စွဲလမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။ စီးကရက်ကို မကြာခဏဆိုသလို သောက်တဲ့သူတွေမှာ စီးကရက်စွဲလမ်းမှု ပိုဆိုးရွားနိုင်တယ်လို့ ဆိုပါတယ်။ စီးကရက်ပုံမှန်မသောက်သူတွေအပါအဝင် ဆေးလိပ်သမားတွေဟာ ဆေးလိပ်ဖြတ်ဖို့အတွက် ကုသမှုခံယူဖို့ လိုအပ်မယ်လို့လည်း လေ့လာမှုက ဖော်ပြထားပါတယ်။
