အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ဘိုလစ်ဗီးယားအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းက လေ့ကျင့်ရေးမှူးကို ရိုင်းပျတဲ့စကားလုံးနဲ့ ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘိုလစ်ဗီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ၂ ဖက်အသင်းသားတွေကြား အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အချင်းများမှုရဲ့ အဓိကတရားခံဖြစ်ခဲ့ပြီး ကွင်းထဲကို ဝင်လာခဲ့တဲ့ ဘိုလစ်ဗီးယားလေ့ကျင့်ရေးမှူး လူးကပ်စ်နာဗာနဲ့ ပြဿနာတက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Photo: Yahoo Sport Australia
အာဂျင်တီးနားအားကစားသတင်းဌာန TyC Sports က ဘလွန်းဒီအော် ၆ ဆုရှင် လီယွန်နယ်မက်ဆီဟာ ပြိုင်ဘက်အသင်း လေ့ကျင့်ရေးမှူးကို ရိုင်းပျတဲ့စကားလုံးအသုံးအနှုန်းနဲ့ ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
“-ာသည်မသား။ ဘာဖြစ်ချင်လို့လဲ ကတုံး”လို့ ပြောကြားခဲ့ကြောင်း စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးက ဘိုလစ်ဗီးယားလေ့ကျင့်ရေးမှူးဟာ ပွဲစဉ်တလျှောက်လုံး ကွင်းဘေးစည်းကနေ ၎င်းကို ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Photo : Eurosport
“ခင်ဗျား တစ်ပွဲလုံး အော်ဟစ်နေတယ်။ ခင်ဗျားဘာလုပ်နေတာလဲ။ တစ်ပွဲလုံး အရန်ခုံတန်းကနေ ကျွန်တော့်ကို ခင်ဗျား အော်ဟစ်နေခဲ့တယ်”လို့ မက်ဆီက စွပ်စွဲပြောဆိုခဲ့ပါတယ်။ နာဗာဟာ မက်ဆီရဲ့ပရိသတ်လို့ သိရပြီး ပြဿနာဖြစ်ရလောက်အောင် ဘာတွေပြောခဲ့ကြတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
