ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်းဖော်ဟောင်းလည်းဖြစ် အသင်းရဲ့အားကစားဒါရိုက်တာလည်းဖြစ်တဲ့ အဲရစ်အဘီဒယ်ရဲ့ပြောဆိုမှုကို လူမှုကွန်ရက်မှာ တုံ့ပြန်ခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီလို့ Givemesport က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့လက နည်းပြဗယ်ဗာဒီကို ရုတ်တရက် ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဗယ်ဗာဒီအပေါ် ဆိုးရွားတဲ့ ဆက်ဆံပုံကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခံခဲ့ရတာဖြစ်ပြီး ယခုရာသီဟာ ဘာစီလိုနာအတွက် တော်တော်လေး မုန်တိုင်းထန်တဲ့ရာသီဖြစ်လာခဲ့တာဖြစ်ပါတယ်။

Photo: The Sun

အဲဒီလို ပြဿနာတွေ ပေါ်ပေါက်နေချိန်မှာ ဘာစီလိုနာအားကစားဒါရိုက်တာ အဘီဒယ်က ဘာစီလိုနာကစားသမားတွေဟာ နည်းပြဗယ် ဗာဒီလက်အောက်မှာ မပျော်မရွှင်ဖြစ်ခဲ့ပြီး ပြင်းပြင်းထန်ထန်ကြိုးစားသင့်သလောက် မကြိုးစားခဲ့ဘူးဆိုတဲ့ ပြောဆိုမှုကို မက်ဆီက လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပြီးနောက် ကွင်းပြင်ပ ပြဿနာလည်း ကြီးထွားလာခဲ့ပြီဖြစ်ပါတယ်။

“အားကစားဒါရိုက်တာ ဘုတ်အဖွဲ့က ရှင်းပြတာက ကစားသမားအများစုဟာ စိတ်ကျေနပ်မှုမရှိကြသလို အလုပ်လည်း များများစားစားလုပ်ခဲ့တာမျိုးမရှိပါဘူး”လို့ အဘီဒယ်က ပြောကြားခဲ့တာဖြစ်ပြီး ယင်းပြောကြားမှုကို မက်ဆီက အင်စတာဂရမ်ကနေတဆင့် တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော် ဒီလိုမျိုးတွေ လုပ်ရတာကို မနှစ်သက်ပါဘူး။ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်အတွက် အားလုံးမှာ တာဝန်ရှိပြီး သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် တာဝန်ယူမှုရှိရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းထဲမှာ ဖြစ်ပျက်သမျှအတွက် ကစားသမားတွေမှာ တာဝန်ရှိပြီး ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်တဲ့အခါမှာ တာဝန်ရှိတယ်လို့ ပထမဆုံး

အသိအမှတ်ပြုခံခဲ့ရပါတယ်။ အားကစားဒါရိုက်တာဘုတ်အဖွဲ့မှာ ရှိနေတဲ့ လူတွေကလည်း သူတို့ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သူတို့တွေ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်အားလုံးအပေါ် တာဝန်ရှိတယ်လို့ ယူဆပါတယ်”

Photo: Barca Blaugranes

“နောက်ဆုံးမှာ ကစားသမားတွေက အပြစ်တင်သင့်တဲ့နာမည်ကို ပေးဖို့အကြောင်း ပြောလာကြတဲ့အခါမှာ တစ်ယောက်ယောက်နာမည်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုသာမဟုတ်ရင် ကျွန်တော်တို့အားလုံးက ညစ်ပေပြီး သူများတွေ ပြောနေကြတဲ့ မှန်လည်းမမှန်တဲ့ မှတ်ချက်တွေအတွက် ထိုးကျွေးခံရပါလိမ့်မယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အရ ယခုရာသီကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားတာကြောင့် လက်ရှိအချိန် နူးကမ့်မှာ မပျော်မရွှင်ဖြစ်နေတဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ သံယောဇဉ်ကို ဖြတ်တောက်ပစ်မလားဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်တာဖြစ်ပါတယ်။