ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြောဆိုနေမှုကို ရပ်တန့်ခဲ့ပြီး လက်ရှိအချိန်မှာတော့ လာမယ့်နှစ်နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ နူးကမ့်ကို စွန့်ခွာဖို့အတွက် ပြင်ဆင်နေပြီလို့ စပိန်ကသတင်းတွေအရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီဟာ အချိန်အချို့မှာ စာချုပ်သစ်အတွက် ဘာစီလိုနာထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ၄ နှစ်စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ အဓိကကစားသမားကို စာချုပ်သစ် ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပေမယ့်လည်း Cadena Ser ရဲ့ လက်ရှိဖော်ပြခဲ့တဲ့သတင်းအရ မက်ဆီဟာ ပြောဆိုဆွေးနွေးမှုတွေကနေ နောက်ဆုတ်ခဲ့ပြီလို့ သိရပါတယ်။

Photo: Teller Report

အာဂျင်တီးနားကြယ်ပွင့်ဟာ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ကွင်းတွင်းကွင်းပြင်ကိစ္စတွေကြောင့် စိုးရိမ်ပူပင်နေပြီး ဘာစီလိုနာအသင်းဟာ အဓိကပြိုင်ဘက် ရီးရဲမက်ဒရစ်နဲ့ လာလီဂါဖလားပြိုင်ပွဲမှာ ၄ မှတ်ကွာဟနေခဲ့သလို အသင်းရဲ့ ရှုံးနိမ့်မှုအတွက်လည်း ပြစ်တင်ခံနေရတာကြောင့် စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အသင်းကနေ မကြာသေးမီထွက်ပေါ်လာခဲ့တဲ့ကိစ္စတော်တော်များများနဲ့ပတ်သက်ပြီးလည်း မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ သိရပြီး သိသာတဲ့ကိစ္စတစ်ခုအဖြစ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း ၎င်းနဲ့ အသင်းသားတွေဟာ လစာလျှော့မယူချင်ခဲ့တာနဲ့ပတ်သက်ပြီး ပြောဆိုခံခဲ့ရတာတွေနဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့သလို အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဝင်ပြောပေးရမယ့် တာဝန်ရှိသူအဖြစ် စွပ်စွဲခံခဲ့ရတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

Source : The Financial Express

စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေဟာ ကနဦးမှာ အစကောင်းခဲ့ပေမယ့်လည်း နောက်ဆုံးဖြစ်ရပ်က မက်ဆီအနေနဲ့ ၎င်းရဲ့အနာဂတ်ကို ပြန်စဉ်းစားပြီး အဝတ်လဲခန်းထဲမှာ အသင်းအတွက် ပြဿနာမဖြစ်လာချင်ကြောင်း အသင်းဖော်တွေကို ပြောကြားခဲ့တဲ့အထိ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ယင်းကိစ္စတွေကြောင့် လီယွန်နယ်မက်ဆီဟာ စာချုပ်ကိစ္စ ဆက်လက်ပြောဆိုဖို့ စိတ်ဝင်စားခြင်းမရှိတော့ဘဲ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။