လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ တနင်္ဂနွေနေ့ညပွဲစဉ်ဟာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားခဲ့ပြီး ဧည့်သည်မန်ချက်စတာယူနိုက်တက်အသင်းက အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဒဏ်ရာပြဿနာတွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေက စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်ဟာ အနိုင်ရဖို့ ပိုများတဲ့အသင်းအဖြစ် မှတ်ယူခဲ့ကြပေမယ့်လည်း အိမ်ရှင် လီဗာပူးလ်အသင်းက ပိုမိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်း ခံစစ်ကစားနေတဲ့အချိန်မှာ ပွဲကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိုးရရှိဖို့အတွက် ကြိုးပမ်းခဲ့တာစြဖ်ပါတယ်။ လီဗာပူးလ်အသင်းက ဂိုးပေါက်ကန်သွင်းမှုနဲ့ ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုမိုကောင်းမွန်တဲ့ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပြီး လီဗာပူးလ်ဂိုးသမား အယ်လီဆင် ကောင်းမွန်တဲ့ကာကွယ်မှုအချို့ကို ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ပြောစရာအချက် ၄ ချက် ရှိနေခဲ့ပြီး အဲဒီအကြောင်းအရာ ၄ ခုက ဘာတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆိုးလ်ရှားရဲ့ယူနိုက်တက်က နောက်ထပ်တစ်ကြိမ် လုံခြုံရေးအဓိကထား ကစားခဲ့

Photo: sportskeeda

အိုလေဂန်နာဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲကြီးချဉ်းကပ်ပုံအဖြစ် လုံခြုံမှုကို အဓိကထားပြီး ကစားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ မြင်လွယ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ပထမဆုံးရက်သတ္တပတ်အနည်းငယ်အတွင်း ဆိုးရွားတဲ့စွမ်းဆောင်ရည်အချို့ ပြသခဲ့ပြီးနောက် ခံစစ်ပိုင်းမှာ တိုးတက်လာခဲ့ပြီး တန်ပြန်တိုက်စစ်မှာလည်း ပြိုင်ဘက်အသင်းတွေကို အထိနာသွားလောက်အောင် လုပ်နိုင်တဲ့အင်အားလည်း ရှိနေတယ်ဆိုတာ သိသာပါတယ်။

ဒါ့အပြင် လီဗာပူးလ်လို ကစားကွက်အရွေ့အပြောင်းမှာ အကောင်းဆုံးကစားနိုင်တဲ့ အသင်းမျိုးကို တိုက်စစ်ကစားဖို့ဆိုတာ ကောင်းတဲ့အကြံအစည် ဘယ်တော့မှမဟုတ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အပိုင်ဂိုးကန်သွင်းခွင့်တွေ အများကြီး ခွင့်မပြုခဲ့ရတာကြောင့် ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ ပွဲဗျူဟာအောင်မြင်လို့ ပျော်ရွှင်နေမှာဖြစ်ပါတယ်။ တစ်ခု လိုသွားတာကတော့ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်ကို အငိုက်ဖမ်း ဝိုက်လက်သီးမကျွေးလိုက်နိုင်တာပဲဖြစ်ပါတယ်။

၂။ လီဗာပူးလ်ရဲ့ထက်မြက်ခြင်းမရှိခဲ့တဲ့ တိုက်စစ်

Photo: thebusbybabe

လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ စုစုပေါင်း ၁၇ ကြိမ် ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒီဂီယာက သက်တောင့်သက်သာနဲ့ ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံဟာ မကြာခဏ ပြိုင်ဘက် ပင်နယ်တီဧရိယာထဲကို ဝင်ရောက်နိုင်ခဲ့ပေမယ့်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေခဲ့ပါတယ်။

သီယာဂို အယ်လ်ကန်တာရာရဲ့ ဘောလုံးဖြန့်ဝေမှုက နောက်ထပ်တစ်ကြိမ် လက်ဖျားခါရလောက်အောင် ရှင်းလင်းတိကျခဲ့ပေမယ့် လီဗာပူးလ်နောက်ခံကစားသမား ၂ ဦးပေးပို့ခဲ့တဲ့ ဘောလုံးတွေကတော့ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရဲ့ မကြာခဏ ခေါင်းတိုက်ဖျက်ထုတ်ခြင်းကို ခံခဲ့ရပြီး ဆာဒီယိုမာနေး၊ မိုဟာမက်ဆာလာတို့ဟာ ဒီဂီယာကို မခြိမ်းခြောက်နိုင်ခဲ့လုနီးပါးဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးမသွင်းတဲ့ စံချိန်ရရှိခဲ့ပြီဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဂျိုတာ ပြန်ပါလာရင်တောင် လီဗာပူးလ်တိုက်စစ်အတွက် လုံလောက်မယ့်ပုံမပေါ်ပါဘူး။

၃။ လီဗာပူးလ်ခံစစ်အသက်သွေးကြောဖြစ်ခဲ့တဲ့ ဖေဘင်ဟိုနဲ့ ဟန်ဒါဆင်တို့အတွဲ

Photo: sportskeeda

လီဗာပူးလ်အသင်း ပွဲထွက်လူစာရင်းမှာ ဖေဘင်ဟိုနဲ့အတူ ဟန်ဒါဆင်ပါဝင်လာမှုက မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးနဲ့ ကစားတဲ့ပွဲစဉ်မှာ ခံစစ်ကစားသမားစစ်စစ်မပါဝင်ခဲ့တဲ့အတွက် ပြဿနာအချို့ ရှိလာမှာကို ပရိသတ်တွေက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ကစားသမား ၂ ဦးဟာ လီဗာပူးလ်ရဲ့ ဗဟိုခံစစ်နေရာမှာ ကောင်းကောင်း ရွေ့လျားနိုင်ခဲ့ကြပါတယ်။

ခံစစ်ပိုင်းမှာ ဟန်ဒါဆင် နေရာယူမှားခဲ့တဲ့အချိန် အနည်းငယ်ရှိခဲ့ပေမယ့်လည်း ပြန်လိုက်ဆယ်ပြီး ယူနိုက်တက်တိုက်စစ်မှူးတွေအပေါ်မှာ အမြဲတမ်း ဖိအားတွေ ပေးနိုင်ခဲ့ပါတယ်။ ဟန်ဒါဆင်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ကစားနေကျမဟုတ်တဲ့နေရာမှာ ကစားခဲ့တာဖြစ်ပေမယ့် ဖျက်ထုတ်မှု ၁ ကြိမ်နဲ့ ရှင်းထုတ်မှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဖေဘင်ဟိုကလည်း ခံစစ်မှာ ကျောက်ဆောင်တစ်ခုလိုရှိနေခဲ့ပြီး အရေးကြီးတဲ့ ပိတ်ဆို့ကာကွယ်မှုနဲ့ ဖျက်ထုတ်မှုအချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

၄။ ယူနိုက်တက်ရဲ့ နိုင်ပွဲကို ခွင့်မပြုခဲ့တဲ့ အယ်လီဆင်

Photo: sportskeeda

မန်ချက်စတာယူနိုက်တက်အသင်းဟာ တခြားနေ့တွေမှာသာဆိုရင် နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ကောင်း အနိုင်ရရှိခဲ့မှာဖြစ်ပေမယ့် အယ်လီဆင်ရဲ့ လီဗာပူးလ်နဲ့ ကစားတဲ့နေ့မှာတော့ မဟုတ်ခဲ့ပါဘူး။ ဘရာဇီးလ်ဂိုးသမားဟာ ပွဲကစားချိန် နောက်ဆုံး ၁၀ မိနစ်မှာ ပေါ့ဂ်ဘာရဲ့ အပိုင်ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တာက ပွဲစဉ်တလျှောက် အကောင်းဆုံးအခိုက်အတံ့ဖြစ်ခဲ့ပါတယ်။ အယ်လီဆင်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွေးတိုးစမ်းခြင်းကိုလည်း ခံခဲ့ရသေးပေမယ့် ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားရဲ့ လျင်မြန်တဲ့ခြေထောက်တွေက ပေါ်တူဂီကြယ်ပွင့်ရဲ့ သွင်းဂိုးကို ငြင်းပယ်ဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

အယ်လီဆင်ရဲ့ ဂိုးကာကွယ်နိုင်တဲ့ အရည်အချင်းကို ထည့်မတွက်ရင်တောင် အန်သိုနီ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့လို တိုက်စစ်မှူးတွေ နေရာလွတ်တွေ မရှိအောင် မယုံကြည်နိုင်ဖွယ် အချက်ပေးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မကြာခဏ လီဗာပူးကွင်းလယ်ကို ကျော်ပြီး တိုက်ရိုက်ပေးပို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် အယ်လီဆင်က ထိပ်တန်းစွမ်းဆောင်ရည်နဲ့ Sweeper တာဝန်ကိုပါ ကောင်းကောင်းလုပ်ဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။