ဂျေဒန်ဆန်ချိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ဇာတ်ရှုပ်ဟာ လက်ရှိမှာတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာပဲ ဆက်ရှိနေတော့မှာဖြစ်တာကြောင့် အခွင့်အရေးကတော့ လီဗာပူးလက်ထဲကို အပြည့်အဝရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ အစကတည်းက ယခုနွေရာသီမှာ ဆန်ချိုကို ရောင်းချဖို့နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားလိုတဲ့ဆန္ဒရှိကြောင်း ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပြီး ယူနိုက်တက်က ဒေါ့မွန်အသင်းသတ်မှတ်ထားတဲ့ နောက်ဆုံးရက် သြဂုတ်လ ၁၀ ရက်နေ့မှာ မခေါ်ယူနိုင်ခဲ့တာကြောင့် ယခုလမှာ အနေအထားက ပြောင်းလဲသွားတော့မယ်ပုံရပါတယ်။ ဒေါ့မွန်အသင်းဆီကနေ ထွက်လာတဲ့အသံကတော့ ဆန်ချိုဟာ လာမယ့်ရာသီ အသင်းမှာပဲ ဆက်ရှိနေမယ်ဆိုတာဖြစ်ပါတယ်။

Photo: Daily Express

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ကြောင့် အသင်းအများစုဟာ ဘဏ္ဍာရေးဆိုင်ရာအကြပ်အတည်းဆိုက်နေခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းက ဆန်ချိုအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်တဲ့အသင်းဆိုလို့ ယူနိုက်တက်တစ်သင်းတည်းသာ ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်သာ လာမယ့်လအနည်းငယ်မှာ အပြောင်းအရွှေ့ကို အပြီးမသတ်နိုင်ခဲ့ဘူးဆိုရင် လာမယ့်နှစ်နွေရာသီမှာ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းနည်းပြယာဂင်ကလော့ပ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာပေါ်မှာ မပျံ့နှံ့မီက ယခုလာမယ့်နွေရာသီမှာ တိုက်စစ်ကစားသမားခေါ်ယူဖို့က ဦးစားပေးပစ်မှတ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။ တီမိုဝါနာဟာ လီဗာပူးအသင်းမှာ မိုဟာမက်ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့အတွက် လုံလောက်တဲ့ယှဉ်ပြိုင်မှုမျိုးပေးနိုင်တဲ့ကစားသမားအဖြစ် ကလော့ပ်က ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် ချယ်ဆီးအသင်းက လက်ဦးမှုရယူပြီး ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ အာဖရိကဖလားဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ဖို့ မူလက စီစဉ်ထားတာကြောင့် လီဗာပူးအသင်းဟာ ဆာလာနဲ့ မာနေးတို့မပါဘဲ ရာသီရဲ့အဓိကအရေးကြီးတဲ့အချိန်မှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့အတွက် မဖြစ်မနေ တိုက်စစ်ကစားသမားခေါ်ယူဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။၂ နှစ်တစ်ကြိမ် ကျင်းပနေတဲ့ပြိုင်ပွဲဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့တာကြောင့် တိုက်စစ်ကစားသမားမဖြစ်မနေ ခေါ်ယူရမယ့်အရေးကနေ လီဗာပူးတို့ သက်သာခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Photo: Evening Standard

အဲဒါကြောင့် လီဗာပူးအသင်းက လာမယ့်နွေရာသီမှာ ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲဖို့အတွက် ငွေကြေးချွေတာသွားနိုင်မှာဖြစ်ပြီး လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကြောင့် ပေါင် ၁၅၅ သန်းအထိ ရရှိတော့မယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယင်းငွေပမာဏဟာ လာမယ့်နွေရာသီမှာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေ ပိုမိုတည်ငြိမ်လာခဲ့မယ်ဆိုရင် ကလော့ပ်အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ သုံးစွဲနိုင်မယ့်ဘတ်ဂျက်ဖြစ်လာနိုင်တဲ့အတွက် ယူနိုက်တက်သာ ယခုနွေရာသီမှာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ ကလော့ပ်က အခွင့်အရေးကို အမိအရဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။