ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဘာစီလိုနာအသင်းပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်း အနေနဲ့ ဆီမီးဖိုင်နယ်ပထမအကျော့က ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်လိုက်ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပထမအကျော့ပွဲစဉ်တွင် (ဝ-၃) ဂိုးဆိုတဲ့ ရလဒ်ဖြင့် ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယခုဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာတော့ (၄-ဝ) ဂိုးဆိုတဲ့ ဂိုးပြတ်အနိုင်ရလဒ်နဲ့ ပွဲစဉ်နှစ်ကျော့ပေါင်း (၄-၃) ဂိုးဖြင့် အံ့သြစရာကောင်းလောက်အောင်ပဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနိုတို့ ပါဝင်နိုင်ခြင်းမရှိခဲ့တာကြောင့် မာနေ၊ အော်ရီဂီ ၊ ရှာကီရီ ၊ ဖာဘင်ညို၊ ဟန်ဒါဆန် ၊ အာနိုး၊ မီလ်နာ စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

Source : The Straits Times

ဘာစီလိုနာအသင်းကလည်း ပထမအကျော့က ပွဲထွက်လူစာရင်းအတိုင်း အပြောင်းအလဲကြီးကြီးမားမားမလုပ်ဘဲ တိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။ သေချာပေါက်အနိုင်ဂိုးတွေရရှိဖို့လိုအပ်နေတဲ့ အိမ်ရှင်လီဗာပူးလ်အသင်းကတော့ ပွဲစဉ်စတင်ချိန်ကတည်းက ဂိုးရရှိဖို့ စွမ်းစွမ်းတမံကြိုးစားခဲ့ကြပြီး ပွဲချိန် (၇) မိနစ်မှာပဲ အော်ရီဂီရဲ့ အနီကပ်အပိုင်ပိတ်သွင်း ကန်ချက်ကနေ အဖွင့်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရရှိပြီးတဲ့ နောက်မှာလည်း အိမ်ရှင်လီဗာပူးလ်အသင်းအနေနဲ့ ဆက်တိုက်ဆိုသလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းနောက်ခံကစားသမားတွေနဲ့ ဂိုးကို ပြာယာခတ်စေခဲ့တာဖြစ်ပါတယ်။

Source : Reuters India

ဒုတိယပိုင်းကိုရောက်ရှိလာချိန်မှာတော့ ပွဲရဲ့ အရှိန်ပိုတက်လာစေခဲ့ပြီး ရောဘတ်ဆန်နေရာကို လူစားလဲဝင်ရောက်လာတဲ့ ဝိုင်နယ်လ်ဒန်းဟာ ပွဲချိန် (၅၄) မိနစ်မှာပဲ ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လူစားလဲမှု မှန်ကန်ခဲ့တယ်လို့ဆိုရမယ့် ဝိုင်နယ်လ်ဒန်းဟာ ဒုတိယမြောက်သွင်းဂိုးသွင်းပြီးချိန် (၂) မိနစ်အကြာမှာပဲ နောက်ထပ်တတိယမြောက်ဂိုးကို လှလှပပခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ ချေပဂိုးရရှိမယ့်အခွင့်အရေးတွေ များစွာရရှိခဲ့ပေမယ့်လည်း ကောင်းစွာအသုံးချနိုင်ခြင်းမရှိခဲ့ဘူးပဲ ဖြစ်ပါတယ်။ ပွဲချိန် (၇၉) မိနစ်ကိုရောက်လာချိန်မှာတော့ အာနိုးလ်ရဲ့ ထောင်ကန်ဘောကန်တင်ပေးမှုကနေ အော်ရီဂီအကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ကာ (၄-ဝ) ဆိုတဲ့ဂိုးပြတ်ရလဒ်နဲ့ ဘာစီလိုနာအသင်းကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Source : CBS Sports