မိုဟာမက် ဆာလားဟာ ပြီးခဲ့တဲ့ စနေနေ့က ဝက်ဖို့ဒ်အသင်းကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်းက စွမ်းဆောင်ရည်ကြောင့် လက်ရှိအချိန်မှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ အများစုရဲ့ယူဆခြင်းခံနေရပါတယ်။

Mohamed Salah against Watford

Photo: cnn.com

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ အသင်းဖော် မာနေး သွင်းယူခဲ့တဲ့ အဖွင့်ဂိုးအတွက် အလွန်ကောင်းမွန်တဲ့ ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း အစောပိုင်းမှာ ဝက်ဖို့ဒ်နောက်ခံလူ ၃ ဦး ကာကွယ်ထားတဲ့ကြားကနေ ထောင့်ဖြတ်အနေအထား ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကို အလွန်အထင်ကြီးခဲ့ပြီး ဝက်ဖို့ဒ်နဲ့ ပွဲစဉ်အပြီးမှာ ဆာလားဟာ ရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူး ပြောကြားခဲ့တာဖြစ်ပါတယ်။

Salah celebrated after his goal against Watford

Photo: Eurosports

“အခုအချိန် ကမ္ဘာ့ဘောလုံးလောကမှာ သူ့ထက် ပိုကောင်းတဲ့သူ ဘယ်သူမှ မရှိတော့ဘူးဆိုတာ ရှင်းလင်းသွားပြီလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်အောက်သာ ကျန်ရှိတော့တဲ့ အီဂျစ်တိုက်စစ်မှူးကို လီဗာပူးလ်အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်နေပြီဆိုတာလည်း ပေါ်လွင်ခဲ့တာဖြစ်ပါတယ်။

ဆာလားရဲ့ အေးဂျင့်ဖြစ်တဲ့ ရေမီ အဘက်စ် အီဆာဟာ စနေနေ့က ဝက်ဖို့ဒ်နဲ့ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့အတွက် အင်္ဂလန်ကို လာရောက်ခဲ့ပြီး စာချုပ်သက်တမ်း ၂ နှစ်တောင် မကျန်တော့တဲ့ အီဂျစ်တိုက်စစ်မှူးအတွက် ကြီးမားတဲ့ လစာတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြောဆိုဆွေးနွေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မိုဟာမက် ဆာလားရဲ့ အေးဂျင့်ဟာ ၎င်းရဲ့ ကစားသမားအတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းအထိ ပေးချေဖို့ လီဗာပူးလ်အသင်းကို တောင်းဆိုထားတယ်လို့ သိရပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းဟာ ကမ္ဘာ့ထိပ်တန်းကစားသမားတွေထဲက အချို့သာ ရရှိနေတဲ့ ပမာဏဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလားရဲ့ ယခုရာသီမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ငြင်းပယ်ရခက်နေပြီး ပရိသတ်အများစုကလည်းက ၎င်းတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟာ ကြီးမားတဲ့လစာပမာဏပေးချေဖို့ ထိုက်တန်သူလို့ ရှုမြင်နေကြတာဖြစ်ပါတယ်။

Featured Photo: Independence.co.uk