ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်အသင်းကို (၃-၁) ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) မှာတော့ တိုက်စစ်မှုးဆာလာဟာ လီဗာပူးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲ ဆက်တိုက် သွင်းဂိုးရယူမှု သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုကို ထပ်မံချိုးဖျက်လိုက်ပြီပဲ ဖြစ်ပါတယ်။

Liverpool vs. Newcastle: Mohamed Salah equals Premier League record in Reds win

Photo : Mirror

အဆိုပါပွဲစဉ်မှာတော့ ပွဲကစားချိန် ၇ မိနစ်မှာ နယူးကာဆယ်အသင်းဘက်က ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် ပွဲကစားချိန် ၂၁ မိနစ်မှာတော့ လီဗာပူးအသင်းကစားသမား ဂျိုတာရဲ့ သွင်းဂိုးကနေ ကြိုးကြာနီတို့ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ နယူးကာဆယ်အသင်း အဖွင့်ကောင်းခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရပြီး နောက်ထပ် ၄ မိနစ်အကြာ ပွဲချိန်၂၅ မှာပဲ အီဂျစ်သား တိုက်စစ်မှူးမိုဟာမက်ဆာလာက အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွားယူခဲ့ပါတယ်။

ဒီဂိုးဟာ တိုက်စစ်မှူးဆာလာရဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅ ဂိုးမြောက်သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး အဆိုပါသွင်းဂိုးကြောင့် လက်စတာအသင်းတိုက်စစ်မှူး ဂျင်မီဗာဒီရဲ့ ပရီးမီးယားလိဂ်စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ဗာဒီဟာ အဆိုပါ ပရီးမီးယားလိဂ်စံချိန်ကို ပြီးခဲ့တဲ့ ၂၀၁၅ – ၂၀၁၆ ခုနှစ်ဘောလုံးရာသီမှာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူးဆာလာအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲပေါင်း ၁၇ ပွဲပါဝင်ကစားထားပြီး သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ဂိုးကြိမ်ပြုလုပ်ပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အကယ်၍ နောက်ထပ်ပွဲစဉ် တစ်ပွဲမှာသာ ဂိုးဖန်တီးမှု သို့မဟုတ် သွင်းဂိုးရယူမှု တစ်ကြိမ်ထပ်မံပြုလုပ်နိုင်ခဲ့မယ်ဆိုရင် လက်စတာတိုက်စစ်မှူး ရဲ့ ပရီးမီးယားလိဂ်စံချိန်ကိုကျော်လွန်ပြီး စံချိန်သစ်ကို ထပ်မံတင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Mohamed Salah equals Premier League record in Reds win

Photo : Newscontinue

အဆိုပါ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ၃ ဂိုးမြောက် နောက်ဆုံးပိတ်အနိုင်ဂိုးကိုတော့ လီဗာပူးကစားသမား အာနိုးက ဒုတိယပိုင်းကုန်ဆုံးခါနီး ပွဲကစားချိန် ၈၇ မိနစ်မှာ ထပ်မံသွင်းယူပေးခဲ့တာကြောင့်  ကြိုးကြာနီတို့ ဂိုးအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို တစ်မှတ်အကွာနဲ့ အမှတ်ပေးဇယားရဲ့  ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီမှာတော့ တိုက်စစ်မှူးဆာလာအနေနဲ့  လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂၂ ဂိုးအထိ ခြေစွမ်းပြထားတဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Eurosport