လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ရိုးမားအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြသနေခဲ့သူဖြစ်ပါတယ်။
အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ်မှာ တောက်ပတဲ့ဂုဏ်သတင်းနဲ့အတူ ရိုးမားကနေ အန်းဖီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ဘယ်သူကမှ လီဗာပူးအသင်းမှာ အောင်မြင်လိမ့်မယ်လို့ ဟောကိန်းမထုတ်ရဲခဲ့ကြတာဖြစ်ပါတယ်။ ဆာလာဟာ လီဗာပူးအသင်းအတွက် ဂိုးတွေ သွင်းယူပေးရင်း တိုတောင်းတဲ့ကာလအတွင်း ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။
Photo: WSA News
လီဗာပူးအသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံ ၁၇၂ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၀၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၄ ကြိမ် ပြုလုပ်ပေးထားနိုင်တဲ့ မိုဟာမက်ဆာလာကို AS က အနာဂတ်မှာ ရီးရဲမက်ဒရစ် သို့မဟုတ် ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခြေရှိလားလို့ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
“မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ထိပ်တန်းအသင်းတွေလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော် အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ထပ်ရဖို့ပဲ အာရုံစိုက်နေပါတယ်”
Photo: dailymail
၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာရရှိပြီး ပွဲစဉ်အတွင်းက ထွက်ခွာသွားရအောင် လုပ်ခဲ့တဲ့ ရာမို့စ်ကြောင့် ဘာနေဗျူးကို ဘယ်တော့မှ မပြောင်းရွှေ့မယ့်နေရာအဖြစ် စဉ်းစားခဲ့မိလားလို့ မေးမြန်းခဲ့ရာမှာ “ကစားသမားတွေက ဘာမဆိုဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ စိတ်ပျက်စရာကိစ္စမျိုး ဒါမှမဟုတ် အနာဂတ်အတွက် ခင်ဗျားကစားသမားဘဝကို ပိုပြီးကြံ့ခိုင်လာစေတဲ့ တစ်စုံတရာမျိုးပေ့ါ။
ဒါပေမယ့် ဒဏ်ရာရခဲ့တာကတော့ ကျွန်တော့်အတွက် ပြန်မပြောချင်တော့တဲ့ကိစ္စဖြစ်တဲ့အတွက် ထပ်ပြီးတော့လည်း အဲဒီအကြောင်းကို မစဉ်းစားချင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။