လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်လ်ကန်တာရာဟာ အန်းဖီးမှာ လက်စတာစီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ ငိုအားထက် ရယ်အားသန်ဆိုသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo: Twitter
လီဗာပူးလ်အသင်းဟာ ဂျိုတာရဲ့ ခြေစွမ်းပြ သွင်းဂိုး ၂ ဂိုးနဲ့ လက်စတာစီးတီးကို သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာက မန်စီးတီးနဲ့ ၉ မှတ်အထိ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ အာဖရိကဖလားပြိုင်ပွဲကနေ ပြန်လာခဲ့တဲ့ မိုဟာမက် ဆာလားက ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့ပြီး ဆာဒီယို မာနေးကတော့ ပါဝင်နိုင်ခြင်းမရှိသေးတဲ့အချိန်မှာ ကစားသမားသစ်ဖြစ်တဲ့ လူးဝစ္စ ဒီယက်ဇ်က တောင်ပံတကြောမှာ တောက်ပခဲ့ပြီး ဂျိုတာကလည်း လီဗာပူးလ်ရဲ့သွင်းဂိုးတွေကို တာဝန်ယူပေးခဲ့တာဖြစ်ပါတယ်။
လက်စတာစီးတီးနဲ့ပွဲစဉ်အပြီးမှာ လီဗာပူးလ် နောက်ခံကစားသမား ဗန်ဒိုက်နဲ့ သီယေဂို အယ်လ်ကန်တာရာတို့ရဲ့ အင်တာဗျူးဖြေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အရပ်အမောင်း အလွန်မြင့်မားတဲ့ ဒတ်ချ်နောက်ခံကစားသမား အင်တာဗျူအပြီးမှာ ရယ်မောစရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ အင်တာဗျူး ဖြေပြီးပြီဖြစ်တာကြောင့် အဝတ်လဲခန်းကို သွားဖို့ လှည့်အထွက်မှာ သီယေဂို အယ်လ်ကန်တာရာက အင်တာဗျူးဖြေဖို့အတွက် မိုက်ခရိုဖုန်းဆီကို လျှောက်လာခဲ့တာဖြစ်ပြီး စပိန်ကွင်းလယ်ကြယ်ပွင့်ရဲ့ မျက်နှာနဲ့ မိုက်ခရိုဖုန်းဟာ တော်တော်လေးအလှမ်းကွာနေတာကြောင့် အင်တာဗျူးစီစဉ်သူက မိုက်တပ်ထားတဲ့ တန်းကို အောက်ကို နှိမ့်ပေးခဲ့တာဖြစ်ပါတယ်။

Photo: The Empire of the Kop
ဒါပေမယ့်လည်း သီယေဂို အယ်လ်ကန်တာရာက ဗန်ဒိုက် အင်တာဗျူး ဖြေသွားတုန်းက မိုက်ခရိုဖုန်း ရှိခဲ့တဲ့နေရာနဲ့ ၎င်းအတွက် နှိမ့်ပေးလိုက်တဲ့ မိုက်ခရိုဖုန်း အနေအထားနဲ့ တော်တော်လေး ကွာခြားတာကြောင့် စပ်ဖြီးဖြီးနဲ့ ဗန်ဒိုက်ကို လှမ်းအော်ခေါ်ပြီး မိုက်ခရိုဖုန်းကို လက်ညှိုးထိုးပြခဲ့တာဖြစ်ပါတယ်။ သီယေဂို အယ်လ်ကန်တာရာရဲ့ အပြုအမူကြောင့် အင်တာဗျူး စီစဉ်နေတဲ့ သူတွေအားလုံး ဟန်မဆောင်နိုင်ဘဲ ရယ်မောခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ ကြားခဲ့ရပြီး လူမှုကွန်ရက်က ပရိသတ်တွေကြားမှာ သဘောကျစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ရာသီရဲ့အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေပြီဖြစ်ပြီး ယခုအပတ်မှာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် အင်တာမီလန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Featured Photo: Givemesport
