မန်ချက်စတာယူနိုက်တက်အသင်းကို အိပ်မက်ပြဇာတ်ရုံအဖြစ် လူသိများပြီး လူငယ်ကြယ်ပွင့်ကစားသမားတွေအတွက် အိုးထရက်ဖို့ဒ်မှာ ကစားရဖို့က အိပ်မက်တစ်ခုဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်က ဂုဏ်သိက္ခာအကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အတောက်ပဆုံးကြယ်ပွင့်တွေကိုလည်း ပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဖလားကို အကြိမ် ၂၀ ကိုင်မြှောက်ထားနိုင်တဲ့ ယူနိုက်တက်ဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတွေ အများအပြား ခေါ်ယူဖူးသလို ကစားသမားဘဝ နေဝင်ချိန်အထိ သို့မဟုတ် အနားယူတဲ့အထိ အသင်းအပေါ် သစ္စာစောင့်သိသွားတဲ့ ငယ်မွေးခြံပေါက်ကစားသမားတွေလည်း မကြာခဏ မွေးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ရိုင်ယန် ဂစ်၊ ပေါလ် စခိုးလ် စတဲ့ ကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ သစ္စာတော်ခံ ကစားသမားတွေဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းလူစာရင်းမှာ ကစားသမားသစ်တွေ အများအပြားနဲ့ စုဖွဲ့ထားပြီး အဲဒီကစားသမားတွေထဲကမှ သက်တမ်းအရှည်ဆုံးအသင်းအတွက် ကစားပေးထားတဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။
၅။ လုခ်ရှော(ဇူလိုင် ၁၊ ၂၀၁၄)

Photo: sportskeeda
ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နှုတ်ဆက်ခွဲခွာမှုက အသင်းရဲ့ ခေတ်တစ်ခေတ် အကူးအပြောင်းဖြစ်ခဲ့ပြီး ဖြည့်ဆည်းလို့ မရနိုင်တဲ့ နေရာလွတ်တွေအများကြီး ကျန်ရစ်ခဲ့ပါတယ်။ လုခ်ရှော ရောက်ရှိလာမှုက အဲဒီ နေရာလွတ်တွေထဲက တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်ဘယ်နောက်ခံကစားသမားဟာ ယူနိုက်တက်အတွက် ကာလရှည်ကစားပေးခဲ့တဲ့ နောက်ခံတောင်ပံကြယ်ပွင့် ပက်ထရစ် အီဗရာရဲ့နေရာကို ဆက်ခံခဲ့ရတာဖြစ်ပါတယ်။
လုခ်ရှောဟာ ဆောက်သမ်တန် လူငယ်အသင်းကနေ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး အသင်းရဲ့ ယူ-၁၈ ပြိုင်ပွဲတွေမှာ အသက် ၁၅ နှစ်အရွယ်ကတည်းက ပုံမှန်မြင်တွေ့ခဲ့ရသူဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့သမိုင်းကြောင်းတလျှောက် ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ အသက်အငယ်ဆုံး နောက်ခံကစားသမားဖြစ်ပြီး ၂၀၁၄ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ အသင်းလူစာရင်းထဲမှာ အတွေ့အကြုံအရင့်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။
၄။ ဂျက်ဆီ လင်ဂတ်(ဇူလိုင် ၁၊ ၂၀၁၄)

Photo: sportskeeda
လင်ဂတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကာလဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် အင်္ဂလန်ကြယ်ပွင့်ဟာ လူငယ်ကစားသမားဘဝကတည်းက အိုးထရက်ဖို့ဒ်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ အသင်းမှာ ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းကို အငှားချခြင်းခံခဲ့ရပြီး ယူနိုက်တက်နည်းပြဟောင်း ဒေးဗစ် မိုရက်စ်နဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့သွားမကစားမီမှာ လင်ဂတ်ဟာ ယူနိုက်တက်ကစားသမားဟောင်းတွေနဲ့ ဂန္တဝင်ကစားသမားတွေဆီကနေ ပြင်းထန်တဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဝက်စ်ဟမ်းအသင်းအတွက် ၁၆ ပွဲမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ပုံမှန်ခြေစွမ်း ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။
၃။ ဟွမ် မာတာ(ဇန်နဝါရီ ၂၄၊ ၂၀၁၄)

Photo: sportskeeda
ဥရောပဖလားကို ၂ နှစ်ဆက်တိုက်ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ မာတာရဲ့ ဆုံးဖြတ်ချက်ကြောင့် လူအများစု အံ့အားသင့်ခဲ့ရပါတယ်။ မာတာအတွက် ချဲလ်ဆီးအသင်းကို မော်ရင်ညို ရောက်ရှိလာပြီးနောက်ပိုင်း အရာအားလုံးက အဆိုးဘက်ကို ပြောင်းလဲသွားခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ အော်စကာကို ပိုမိုနှစ်သက်တာကြောင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို အရန်ခုံမှာ ချောင်ထိုးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းက မာတာကို ယူရို ၄၆ သန်း(ချဲလ်ဆီးအသင်းအတွက် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး)နဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။ မာတာရဲ့ အတွေ့အကြုံနဲ့ စွမ်းရည်တွေက ယူနိုက်တက်ကွင်းလယ်ကို ပိုမိုအင်အားကောင်းစေခဲ့ပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အတွေ့အကြုံအရင့်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နေပြီဖြစ်ပါတယ်။
၂။ ဖီးလ် ဂျုံးစ်(ဇူလိုင် ၁၊ ၂၀၁၁)

Photo: sportskeeda
၂၀၁၁ ခုနှစ်မှာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ခေါ်ယူမှုနဲ့ ဘလက်ဘန်း ရိုဗာအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဖီးလ် ဂျုံးစ်ရဲ့ အပြောင်းအရွှေ့ဟာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့လိုမျိုး ထူးဆန်းခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်လိုမျိုး ဖီးလ် ဂျုံးစ်ဟာ ရာသီကြို ခြေစမ်းပွဲတွေမှာ နည်းပြကြီး ဖာဂူဆန် အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့ပြီး စကော့တလန်လူမျိုးနည်းပြကြီးက အင်္ဂလန်နောက်ခံကစားသမားရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို ချီးမွမ်းခန်းဖွင့်တဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။
နည်းပြကြီး ဖာဂူဆန် အနားယူပြီးနောက် ဖီးလ် ဂျုံးစ်ဟာ အသင်းမှာ ဆက်လက်ကျန်ရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာ ကာလအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ရာဖေးလ် ဗာရန်း ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ဖီးလ် ဂျုံးစ်ရဲ့ ပွဲထွက်ခွင့်နေရာဟာ နောက်ပိုရောက်သွားတော့မှာဖြစ်ပေမယ့်လည်း ယူနိုက်တက်က ဆယ်စုနှစ်တစ်ခုနီးပါး အသင်းမှာ ရှိနေတဲ့ နောက်ခံကစားသမားကို ထွက်ခွာခွင့်ပြုသွားချင်တဲ့ဆန္ဒမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးဖြစ်ပါတယ်။
၁။ ဒေးဗစ် ဒဟေးယား(ဇူလိုင် ၁၊ ၂၀၁၁)

Photo: sportskeeda
မက်ဒရစ်မြို့သား ဒေးဗစ် ဒဟေးယားဟာ ထိပ်ဆုံးအထိရောက်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ကစားသမားဘဝကို အက်သလက်တီကို မက်ဒရစ် ဒုတိယအသင်းမှာ စတင်ခဲ့ပါတယ်။ ဒဟေးယားဟာ ၂၀၀၉ ခုနှစ်မှာ စီနီယာအသင်းကြီးမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပြီး အက်ဒွင် ဗန်ဒါဆားရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့ ရှာဖွေနေတဲ့ ယူနိုက်တက်ရဲ့ ခေါ်ယူခြင်းမခံရမီ ၂ ရာသီသာ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဂိုးသမားဟာ ၂၀၁၅-၂၀၁၆ ရာသီမှာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့ပေမယ့် Fax ပို့တဲ့စက် ကြောင်နေတဲ့အတွက် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ ဒဟေးယားဟာ အဲဒီအချိန်ကတည်းက အသင်းမှာ လက်စွမ်း အတက်အကျတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ်နဲ့ လက်ရှိအချိန်အထိ ရပ်တည်နေတာဖြစ်ပါတယ်။
Featured Image Photo: sillyseason
