အသက်အရွယ် ကိန်းဂဏန်းကို မျက်ကွယ်ပြုပြီး နုနေတဲ့ သူတွေ မြင်ဖူးကြမှာပါ။ တစ်ချို့ဆို အသက်မေးတော့ နှစ် ၄၀ ၊ အရွယ်ကို ကြည့်တော့ ၃၀ တစ်ဝိုက် ဆိုတာတွေလည်း မနည်းပါဘူး။ အဲဒီလို နုပျိုနေသူတွေဟာ ဆေးကောင်းဝါးကောင်း စားလို့ နုပျိုနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ နေထိုင်မှုစနစ် ကျင့်သုံးလို့ ဖြစ်ပါတယ်။
(၁) အသားအရေ ဂရုစိုက်တယ်
Photo: Freepik
သုတေသနတွေအရ အရေပြား ရင့်ရော်အိုမင်းမှုရဲ့ ၈၀% ဟာ နေရောင်ခြည်မှာ ပါတဲ့ UV Rays တွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။ နေရောင်အောက် အနေများသူဟာ အမည်းကွက်ထတာ ၊ အသားအရေတွန့်လိပ်ပြီး နေလောင်တာမျိုးတွေ အဖြစ်များပါတယ်။ အသားအရေကို ဂရုစိုက်လိုက်မယ်ဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကောင်းကောင်းကြီး တားဆီးနိုင်မှာပါ။
(၂) သန့်သန့်ပြန့်ပြန့် နေတယ်
Photo: Freepik
အရွယ်တင် နုပျိုသူတွေဟာ အထူးတလည်ကြီး လှဖို့ ပဖို့ ကိုယ့်ကိုယ်ကို သ,တာမျိုး မဟုတ်ပေမယ့် တစ်ကိုယ်ရေ သန့်ရှင်းမှု အလေးထားတယ်။ တစ်နေ့ နှစ်ကြိမ် သွားတိုက်တယ်။ မျက်နှာကိုလည်း တတ်နိုင်သလောက် Skin Care လုပ်တယ်။ အသားအရေ အစိုထိန်းတာမျိုးလည်း ပုံမှန်ဆိုသလို လုပ်ပေးကြပါတယ်။
(၃) မှန်ကန်တဲ့ ဆံပင်ပုံစံ ထားတယ်
Photo: Freepik
ဆံပင် ပုံစံဟာ ရုပ်ကို အများကြီး ပြောင်းပေးနိုင်ပါတယ်။ ရုပ်နုတဲ့သူတွေဟာ ဆံပင်ကိုလည်း အရွယ်တင်တဲ့ ဒီဇိုင်းဖြစ်အောင် ပုံသွင်းတတ်ပါတယ်။ အနည်းဆုံးတော့ သူတို့ရဲ့ ဆံပင်ပုံစံဟာ သူတို့ရဲ့ အသက်ကို ခန့်မှန်းရခက်အောင် ကူညီပေးပါတယ်။
(၄) ကောင်းကောင်းနားပြီး လေ့ကျင့်ခန်းများများလုပ်တယ်
Photo: Freepik
တစ်နေ့ကို အိပ်ချိန် ၆ နာရီ မပြည့်သူဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၁၂% ပိုများတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ၈ နာရီကျော် ၉ နာရီလောက် အိပ်သူတွေကတော့ အန္တရာယ်မြင့်မှု ၃၀% အထိ ရှိတယ်လို့ ၂၀၁၀ ခုနှစ်က Sleep Journal ရဲ့ လေ့လာမှုက ဖော်ပြခဲ့ပါတယ်။ အကောင်းဆုံးက တစ်နေ့ကို ၇ နာရီနဲ့ ၈ နာရီအကြား အိပ်ဖို့ပါပဲ။
အိပ်စက်မှုဟာ ဆာလောင်မှု အဆင့် Hunger Levels ကို စီမံနိုင်သလို ၊ ကိုယ်ခံအားစနစ် နဲ့ မှတ်ဉာဏ်တွေ ပိုကောင်းစေပါတယ်။ အားကစားလုပ်တာကတော့ အမြဲ ဖျတ်လတ်ကျန်းမာ ပေါ့ပါးစေလို့ ဖြစ်ပါတယ်။ ရုပ်ရည်နုပျိုသူတွေဟာ စိတ်ကို တတ်နိုင်သမျှ အပူပင် နည်းအောင် ထားပါတယ်။ သောကနည်းခြင်းဟာ လူရဲ့ ရုပ်ရည်ကို ပိုပြီး အရွယ်တင်နုပျိုစေပါတယ်။ အကောင်းမြင်စိတ်ထားခြင်း ၊ စိတ်ကို ဝမ်းနည်း/ဝမ်းသာ မလွန်ကဲအောင် မျှမျှတတ ချမ်းသာအောင် ထားတတ်ခြင်းတွေဟာလည်း လူကို ရှိရင်းစွဲအသက်ထက် ပိုပြီး နုပျိုစေတဲ့ အချက်တွေ ဖြစ်ပါတယ်။