လူအများစုကြိုက်နှစ်သက်လေ့ရှိတဲ့အရာကို မကြိုက်ကြဘဲ လူအများစု မနှစ်သက်တဲ့အရာကိုမှ စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်သူတွေက တစ်ရာမှာတစ်ယောက်တော့ ရှိစမြဲပါပဲ။ ထိုထူးခြားတဲ့သူတွေက ခြင်္သေ့ပုံ၊ နဂါးပုံ၊ သိမ်းငှက်ပုံ၊ ကျားရဲပုံ စတဲ့ လူကြိုက်များရေပန်းစားတဲ့တက်တူးတွေကို မရွေးချယ်ဘဲ ဖားပုံတက်တူးကို ရွေးချယ်တဲ့သူတွေပဲဖြစ်ပါတယ်။

ဖားပုံတက်တူးကို ရွေးချယ်ထိုးရခြင်း အကြောင်းအရင်းကတော့ နှစ်ချက်ပဲရှိပါတယ်။ ပထမတစ်ချက်ကတော့ သူတို့ကဖားသတ္တဝါကို ချစ်လို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ ဖားပုံတက်တူးများက ကံကောင်းခြင်းကို ဆောင်ကျဉ်းပေးတယ်လို့ ယူဆကြလို့ပဲဖြစ်ပါတယ်။

ဖားပုံတက်တူးပေါ်ပေါက်လာပုံ

နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရိုးရာယဉ်ကျေးမှုတစ်ခုစီရှိကြပါတယ်။ အင်္ဂလန်နိုင်ငံကတော့ ခြင်္သေ့ကို အထွဋ်အမြတ်ထားကြပြီး အမေရိကန်နိုင်ငံမှာကတော့ ခေါင်းပြောင်သိမ်းငှက်၊ ပြင်သစ်နိုင်ငံမှာကတော့ ကြက်ဖ စသည်ဖြင့် နိုင်ငံအလိုက်အထွဋ်အမြတ်ထားတဲ့ တိရစ္ဆာန်တွေကလည်း ကွဲပြားသွားပါတယ်။ မြောက်အမေရိကမှာတော့ ဖားသတ္တဝါက ချမ်းသာကြွယ်ဝမှုကို ပစ္စည်းဥစ္စာပေါကြွယ်ဝမှုကို ကိုယ်စားပြုတယ်လို့ မှတ်ယူကြပါတယ်။ ထိုအနက်အဓိပ္ပာယ်​ကို ကိုယ်စားပြုတဲ့အနေနဲ့ ဖားပုံတက်တူးထိုးခြင်း ခေတ်စားလာခဲ့ပါတယ်။

ထို့အပြင် ဖားက မိုးကို ကိုယ်စားပြုတဲ့အတွက် မိုးရွာသွန်းခြင်းကို ခေါ်ဆောင်လာပေးသူများလို့လည်း သတ်မှတ်ကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ဖားသတ္တဝါကို စွမ်းအင်နဲ့ သည်းခံနိုင်စွမ်းတို့ကို ကိုယ်စားပြုပါတယ်။ အီဂျစ်နိုင်ငံမှာကတော့ သနားကြင်နာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဘဝတို့ကို ကိုယ်စားပြုပြီး Celtic လူမျိုးများကတော့ ပြန်လည်ရှင်သန်ခြင်းလို့ အဓိပ္ပာယ်​ဖွင့်ကြပါတယ်။

ဒါတင်မကသေးပါဘူး၊ ဖားပုံတက်တူးများက အောင်မြင်မှု၊ မိမိကိုယ်ကို ယုံကြည်ချက်ရှိမှု၊ အကာအကွယ်ပေးမှုအပြင် ရေမှာအနေများတဲ့သတ္တဝါဖြစ်တဲ့အားလျော်စွာ သန့်ရှင်စင်ကြယ်ခြင်းကို ဖော်ဆောင်တယ်လို့ မှတ်ယူကြပါတယ်။ ဒါ့ကြောင့် တက်တူးရေးဆွဲတဲ့ တက်တူးပညာရှင်တွေကလည်း မှင်ရောင်မျိုးစုံတဲ့ ဒီဇိုင်းဆန်းပြီးလှပတဲ့ ဖားပုံတက်တူးများကို တစ်ပုံနဲ့တစ်ပုံမတူအောင် ထိုးပေးလေ့ရှိကြပါတယ်။

ဖားပုံတက်တူးထိုးလေ့ရှိသော နေရာများ

ဖားပုံတက်တူးများကို နံရိုးပေါ်မှာ၊ ဒါမှမဟုတ်လက်မောင်း၊ လက်ဖျံ၊ ပေါင်၊ ကျောပြင်၊ ခြေသလုံး၊ ခြေဖမိုးစတဲ့နေရာတွေမှာ တက်တူးထိုးလေ့ရှိကြပါတယ်။ တက်တူးအကြီးကြီးထိုးချင်သူများကတော့ ကျောပြင်လို ကျယ်ပြန့်တဲ့နေရာမျိုးကို ရွေးချယ်ထိုးလေ့ရှိကြပါတယ်။

တက်တူးချစ်သူတွေက ဘယ်လိုဒီဇိုင်းမျိုးနဲ့ ဖားပုံတက်တူးထိုးကြလဲဆိုတာကို စာဖတ်သူတို့လေ့လာနိုင်ဖို့အတွက် တစ်ဆက်တည်းဖော်ပြပေးလိုက်ပါတယ်။

Source: Tattoo-journal.com