လူးဝစ္စဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ဘာစီလိုနာအသင်းကို စွန့်ခွာဖို့ မဆုံးဖြတ်မီ လီယွန်နယ်မက်ဆီနဲ့ ပြောဆိုခဲ့တဲ့စကားကို ထုတ်ဖော်ပြောကြားခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်က ၎င်းရဲ့ လာလီဂါပြိုင်ဘက်အသင်းကို အပြောင်းအရွှေ့ပြုလုပ်မှုကို ထူးဆန်းတယ်လို့ ထပ်ခါတလဲလဲ ရေရွတ်နေခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာ အသင်းအတွက် ၎င်းရဲ့ရည်မှန်းချက်ထဲမှာ ဆွာရက်ဇ် ပါဝင်ဖို့ မလိုအပ်တော့ကြောင်း လျင်လျင်မြန်မြန်ဆုံးဖြတ်ချက်ချခဲ့ပြီး ဘာစီလိုနာထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ဆွာရက်ဇ်ရဲ့ ကြီးမားတဲ့လစာပမာဏကို မပေးချေရတော့တဲ့အတွက် ပျော်ရွှင်ခဲ့ကြတာဖြစ်ပါတယ်။

Photo: 90Min

ဆွာရက်ဇ်ဟာ အီတလီချန်ပီယံ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့သလို အသင်းဟောင်းဖြစ်တဲ့ အေဂျက်ကိုလည်း ပြန်သွားဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စပိန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ဟာ ကြာသပတေးနေ့ညမှာ ဘာစီလိုနာအသင်းက ဆွာရက်ဇ်နဲ့ တရားဝင်နှုတ်ဆက်တဲ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် တရားဝင်ဖြစ်ခဲ့တာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ နူးကမ့်ကို စွန့်ခွာရမှာကို စိတ်ထိခိုက်နေခဲ့တာကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။

ဆွာရက်ဇ်ဟာ အသင်းမှာ ခိုင်မာတဲ့ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ခဲ့ပြီး ကွင်းတွင်းရော ကွင်းပြင်ပမှာပါ မက်ဆီနဲ့ အလွန်နီးကပ်တဲ့ သူငယ်ချင်းဆက်ဆံရေးရှိခဲ့တာကြောင့် မက်ဆီအနေနဲ့ ယခုရာသီမှာ ဆွာရက်ဇ်ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ သက်တောင့်သက်သာရှိမှာမဟုတ်ပေမယ့်လည်း ဆွာရက်ဇ်က ၎င်းတို့ရဲ့ဆက်ဆံရေးဟာ မပျက်စီးဘဲ ဆက်လက်ရှင်သန်နေမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဘာတွေးနေလဲဆိုတာ လီယိုသိပြီး သူဘာတွေးနေလဲဆိုတာလည်း ကျွန်တော် သိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အကြံဉာဏ်ပေးဖို့အတွက် အသက်ကြီးသင့်သလောက် ကြီးနေကြပါပြီ”

Photo: Metro

“လီယိုက ထူးဆန်းတယ်လို့ ခံစားခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က တိုက်ရိုက်ပြိုင်ဘက်အသင်းဆီကို သွားမှာမို့လို့ပါ။ ဒါပေမယ့် ဘယ်ဟာကမှ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို မပြောင်းလဲပစ်နိုင်ပါဘူး။ ကျွန်တော် လီယိုကို လက်ရွေးစင်အသင်းနဲ့ ရင်ဆိုင်ခဲ့ဖူးပြီးသားပါ။ အဲဒီတော့ ဒါက ကျွန်တော်တို့ ဆက်ဆံရေးကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး”

“အားလုံးလည်း ကျွန်တော်တို့ကြားက ဆက်ဆံရေးအကြောင်းကို သိကြမှာပါ။ ခင်ဗျား ဘာကာကို စရောက်လာတဲ့အချိန်မှာ သူတို့တွေက ခင်ဗျားကို ပြောလိမ့်မယ်။ လီယိုနဲ့ပတ်သက်ပြီး သတိထားနော်။ သူက သူများနဲ့မတူဘူးဆိုပြီးပေါ့။ အရာအများကြီး ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။