အကြောင်းအမျိုးမျိုးကြောင့် စိတ်ရှုပ်ထွေးပြီး မွန်းကြပ်မှုကို ခံစားနေရပါသလား။ ထိုမွန်းကြပ်မှုတွေထဲက ရုန်းထွက်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်းကတော့ စိတ်ညစ်စရာတွေကို မေ့ထားပြီး မိမိကိုယ်ကိုပျော်ရွှင်အောင် နေထိုင်ရမှာပဲဖြစ်ပါတယ်။ ရှုပ်ထွေးမွန်းကြပ်နေတဲ့စိတ်ကို ထွက်ပေါက်ပေးနိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ဆိုတာကတော့ ဟာသကားလေးတွေ ကြည့်ရမှာပါ။

ဟာသကားတွေနဲ့အတူ တဝါးဝါး တဟားဟား စီးမျောခံစားရင်း ပင်ပန်းနွမ်းနယ်နေတဲ့စိတ်တွေကို ပြေလျော့ဖို့အတွက် Luka Chuppi ဆိုတဲ့ အိန္ဒိယဟာသကား ရုံတင်နေပါပြီ။

Source: indianexpress.com

ဇာတ်လမ်းအကျဉ်းလေးကတော့Guddu ဆိုတဲ့ သတင်းထောက်ကောင်လေးက ခေါင်းမာပြီး တဇွတ်ထိုးနိုင်တဲ့ Rashmi ဆိုတဲ့ကောင်မလေးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ စုံတွဲတွေ တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်တဲ့ မင်္ဂလာဆောင်ရာသီရောက်လာတဲ့အခါမှာတော့ Guddu ကလည်း တခြားစုံတွဲတွေကို အားကျစိတ်ဝင်လာပြီး သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ထူးခြားတာတစ်ခုက သူ့ကောင်မလေးက လက်ထပ်ခွင့်ကို ငြင်းလိုက်တာလည်းမဟုတ်သလို၊ လက်ခံလိုက်တာလဲမဟုတ်ပါဘူး။

Source: in.bookmyshow.com

လက်မထပ်သေးခင် အတူတူနေကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ။ ယနေ့ခေတ်လို အရာရာပွင့်လင်းမြင်သာနေတဲ့အချိန်မှာ လက်မထပ်သေးဘဲ အတူနေကြတာက လူငယ်တွေအဖို့ အဆန်းတကြယ်ကိစ္စမဟုတ်ပေမယ့် လူကြီးတွေကတော့ လုံးဝလက်မခံနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်။ ရှေးရိုးစွဲတဲ့ နှစ်ဖက်မိဘဆွေမျိုးတွေကတော့ သူတို့နှစ်ယောက် တစ်အိမ်တည်းမှာ အတူတူနေတယ်ဆိုတော့ လက်ထပ်ပြီးပြီပဲ ထင်ကြပါတယ်။

အဲ့ဒါနဲ့ပဲ သူတို့စုံတွဲလည်း ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရောက်သွားတာဆိုတော့ လက်ထပ်ပြီးတဲ့လင်မယားအဖြစ်နဲ့ ဟန်ဆောင်လိုက်ရတာပေါ့။ သူတို့ ဟန်ဆောင်ထားတဲ့အရာက ဘယ်အချိန်မှာ ပေါ်သွားမလဲ၊ သူတို့မိဘဆွေမျိုးတွေကရော အဖြစ်မှန်သိသွားတဲ့အခါ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ Luka Chuppi လို့ အမည်ရတဲ့ အိန္ဒိယဇာတ်ကားကို အပြေးအလွှားသွားကြည့်ကြရအောင်လား။

Source: scroll.in

ရင်တမမနဲ့ကြည့်ရမယ့်အပြင် ဟာသခန်းတွေကလည်း အပိုအလိုမရှိ သဘာဝဆန်ဆန် ရယ်မောပျော်ရွှင်ရမယ့် ဇာတ်ဝင်ခန်းတွေပဲဖြစ်ပါတယ်။ ပြသပေးနေတဲ့ ရုံတွေကတော့ Junction City နဲ့ City Mall (St.John) တို့ပဲဖြစ်ပါတယ်။ ဇာတ်ကားကြာချိန်ကတော့ ၂ နာရီနဲ့ ၇ မိနစ်ပါ။ မတူညီတဲ့ပွဲချိန်အပြောင်းအလဲတွေကြောင့် အမှားအယွင်းမရှိရလေအောင် လက်မှတ်မဝယ်ခင် ပွဲချိန်တွေကို အထူးသတိပြုကြပါလို့ ကြိုတင်သတိပေးပါရစေ။

Source: Maddock Films