မေလ (၁၈) ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၉ ခုနှစ် အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လိုင်ယွန်အမျိုးသမီးအသင်းက ဘာစီလိုနာအမျိုးသမီးအသင်းကို (၄-၁) ဂိုးအနိုင်ရလဒ်ဖြင့် ယခုနှစ်ရဲ့ ချန်ပီယံဆုကို ထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။ လိုင်ယွန်အမျိုးသမီးအသင်းအနေနဲ့ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂၀၁၆ ၊ ၂၀၁၇ ၊၂၀၁၈ နဲ့ ယခု ၂၀၁၉ (၄) နှစ်ဆက်တိုက်လုံးလုံး ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးအသင်းတစ်သင်းပဲ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ လိုင်ယွန်အမျိုးသမီးအသင်းအနေနဲ့ ကောင်းမွန်တိကျတဲ့ ကစားကွက်တွေနဲ့အတူ အသင်းရဲ့ အဓိကအားထားရတဲ့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

Source : Bridge River Lillooet News

ပွဲစဉ်ပထမပိုင်းမှာကတည်းက သွင်းဂိုးလေးဂိုးစလုံး သွင်းယူခဲ့တာဖြစ်ပြီး ပြိုင်ဘက်ဘာစီလိုနာအမျိုးသမီးအသင်းကို ဖိအားပေးကစားခဲ့တာဖြစ်ပါတယ်။သွင်းဂိုးတွေကိုတော့ ပွဲချိန် (၅) မိနစ်မှာ ကစားသမား မာရော့ဆန်က အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး တိုက်စစ်မှူးဟီဂါဘတ်က ပွဲချိန် (၁၄) မိနစ်မှာ ဒုတိယမြောက်သွင်းဂိုး စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒုတိယသွင်းဂိုးရရှိပြီး ငါးမိနစ်အကြာ ပွဲချိန် (၁၉) မိနစ်မှာပဲ တိုက်စစ်မှူးဟီဂါဘတ်က တတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ပွဲချိန်မိနစ် (၃၀) မှာ သူမကပဲ ထပ်မံပြီးစတုတ္ထမြောက်အနိုင်ဂိုးသွင်းယူကာ ပထမပိုင်းပွဲကစားချိန်မှာပဲ ဟက်ထရစ်သွင်းဂိုးနဲ့အတူ (၄-ဝ) ဂိုးရလဒ်ဖြင့် ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

Source : Falken Sports

ဒုတိယပိုင်းပွဲကစားချိန်တွေမှာတော့ ပြိုင်ပွဲအခြေအနေ အနည်းငယ်အေးစက်နေခဲ့ပြီး ပွဲချိန် (၈၉) မိနစ်မှာမှ ဘာစီလိုနာအသင်းကစားသမား အိုရှိုအာလာက ပထမဆုံးသော ချေပဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်ပြီးဆုံးချိန်မှာတော့ လိုင်ယွန်အသင်းက ဘာစီလိုနာအသင်းကို (၄-၁) ရလဒ်ဖြင့် အပြတ်အသတ်အနိုင်ယူကာ (၄) နှစ်မြောက် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးချန်ပီယံလိဂ်သမိုင်းတစ်လျောက်မှာတော့ လိုင်ယွန်အမျိုးသမီးအသင်းအနေနဲ့ (၆) ကြိမ်မြောက် ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို အကြိမ်အများဆုံး သိမ်းပိုက်ထားနိုင်တဲ့ အသင်းတစ်သင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

Source : SBOBET Blog