ယောဂဆိုရင် အမျိုးသမီးတွေပဲ လေ့ကျင့်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုလိုပဲ မြင်တာ များပါတယ်။ ဒါကပဲ အမျိုးသမီးတွေရဲ့ အလှအပနဲ့ကျန်းမာရေးရာ လျှို့ဝှက်ချက်အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့တာပါ။ ယောဂကို ယောကျ်ားများ လေ့ကျင့်မယ်ဆိုရင်လည်း အံ့သြလောက်တဲ့ ကောင်းကျိုးတွေ ရမှာ ဖြစ်ပါတယ်။

man doing yoga asanas in city park. young citizen exercising outside

Photo : Freepik

ယောဂရဲ့ အဓိက ရည်ရွယ်ချက်ကလည်း စိတ်မွန်းကြပ်မှုတွေ ရှင်းထုတ်ဖို့ ကိုယ်ရော စိတ်ပါ လေ့ကျင့်ခန်းဆင်းပေးတာပါ။ ဟားဗတ်စိတ်ကျန်းမာရေးစာစောင်မှာတော့ ယောဂဟာ ဆိုးဝါးပြင်းထန်တဲ့ ဖိစီးမှုတွေရဲ့ သက်ရောက်မှုကို လျှော့ချနိုင်ပြီး စိတ်ရှုပ်ထွေးခြင်းနဲ့စိတ်ဓါတ်ကျခြင်းအတွက် အထောက်အကူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Journal Of Alternative Medicine ရဲ့ လေ့လာမှုတစ်ခုမှာ ၁၀ ရက်လောက် ယောဂကျင့်တဲ့ အဝလွန်အမျိုးသားတွေဟာ ၄ ပေါင်အထိ ဝိတ်ကျတယ်လို့ ဆိုပါတယ်။ ယောဂဟာ ကော်တစ်ဆိုလယ်ဗယ်လျှော့ချပေးတာဖြစ်လို့ အဆီတွေ ဝမ်းဗိုက်မှာ လာစုတာကိုလည်း လျော့ပါးစေမှာပါ။

အိပ်မပျော်နိုင်တဲ့ အမျိုးသားတွေအနေနဲ့ယောဂကျင့်ဖို့ တိုက်တွန်းချင်ပါတယ်။ ယောဂ နေ့စဉ်ကျင့်တဲ့ အကျိုးကတော့ အိပ်ယာဝင်ချိန်မှာ မြန်မြန်အိပ်ပျော်ပြီး အိပ်ရေးဝစေမှာပါ။ အိပ်ရေးဝခြင်းကြောင့် ခေါင်းကြည်ပြိး တစ်နေ့လုံး နေလို့ကောင်းသလို ခွန်အားအပြည့်နဲ့ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အားပြည့်အင်ပြည့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အသက်ကြီးလာလေလေ လူ့ရဲ့ အကြောတွေဟာ ပိုပြီး လှုပ်ရှားရခက်လာပါတယ်။ ယောဂလုပ်တဲ့ သက်ကြီးပိုင်းတွေကတော့ နေ့တိုင်း အကြောလျှော့ပေးနေသလို ဖြစ်လို့ လှုပ်ရှားရ သွက်လက်ပေါ့ပါးဖျတ်လတ်နေမှာပါ။ နောက်တစ်ခုကတော့ ကြွက်သားတွေရဲ့ ဖွဲ့စည်းမှု ယိုယွင်းမသွားလို့ ဘော်ဒီပုံမပျက်ဘဲ လှမြဲလှစေဖို့ယောဂကို ပုံမှန်ကျင့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

Young sportive couple doing yoga fitness . people in a summer park

Photo : Freepik

အသက်ကြီးလာရင် အထိုင်အထ ခက်လာတတ်ပါတယ်။ ဝိတ်ကလည်း တက်လာသလို ခါး ၊ ဒူးတို့လို အရိုးအဆစ်တွေကလည်း ဟိုကနာ ဒီကနာ ဖြစ်တတ်ပါတယ်။ အသက်ငယ်တုန်း ယောဂ ပုံမှန်ကစားသွားရင် အရွယ်ကြောင့် ဖြစ်တဲ့ နာကျင်မှုအဖြစ် မတော်တဆ ထိခိုက်လို့ နာတာ ကျင်တာတွေကိုလည်း သူများထက် ပိုပြီး ခံနိုင်ရည်ရှိလာမှာပါ။