ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ၎င်းတို့အသင်းက မက်ဆီကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ တန်းစီထားတယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နည်းပြဟောင်း ဗယ်ဗာဒီကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့မှုနဲ့ပတ်သက်ပြီး အသင်းရဲ့အားကစားဒါရိုက်တာ အဘီဒယ်နဲ့ စကားလုံးစစ်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။
Photo: Daily Express
အဘီဒယ်က ဗယ်ဗာဒီအသင်းကနေ ထွက်ခွာရမှုနဲ့ပတ်သက်ပြီး ကစားသမားတွေကို ပြစ်တင်ခဲ့တာဖြစ်ပြီး ကစားသမားအများစုဟာ ဗယ်ဗာဒီလက်ထက်မှာ အားထုတ်သင့်သလောက် ကြိုးစားအားထုတ်မှုမရှိခဲ့ဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် မက်ဆီက အသင်းရဲ့အားကစားဒါရိုက်တာ အဘီဒယ်ကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး တကယ်လို့ အဘီဒယ်အနေနဲ့ အခုလို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေမယ်ဆိုရင် နာမည်တပ်ပြောဖို့နဲ့ ဝါးလုံးရှည်နဲ့ မယမ်းဖို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
Photo: Ngvibez
လက်ရှိအချိန်မှာတော့ လီယွန်နယ်မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဆက်ဆံရေးအခြေအနေဟာ ယခင်ကလို အကောင်းဆုံးအခြေအနေမှာ မရှိတော့တာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ အခြေအနေကို စောင့်ကြည့်နေပြီး မက်ဆီကို ခေါ်ယူလို့ရပြီဆိုတာနဲ့ ခေါ်ယူဖို့ အဆင်သင့်ပြင်ထားတယ်လို့ ESPN က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အရ ရာသီကုန်တိုင်းမှာ အသင်းကနေ ထွက်ခွာဖို့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရရှိထားပေမယ့်လည်း အခြားလာလီဂါအသင်း သို့မဟုတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့အသင်းကို ပြောင်းရွှေ့လို့မရဘူးဆိုတဲ့ သဘောတူညီမှုရှိတယ်လို့ ယုံကြည်ရပါတယ်။