မန်ချက်စတာစီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဆာနေးရဲ့နေရာမှာ ပြန်လည်အစားထိုးခေါ်ယူမှုအဖြစ် ဗလင်စီယာတောင်ပံကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဖာရန်တောရက်စ်ဟာ ဗလင်စီယာအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ကစားသမားဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့သူဖြစ်ပါတယ်။

Photo: sempremilan

မန်ချက်စတာစီးတီးနဲ့ ဗလင်စီယာအသင်းတို့ဟာ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သဘောတူညီမှုမရရှိကြသေးတာဖြစ်ပေမယ့် တောရက်စ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ထပ်ဆောင်းပေးချေမှုပါဝင်တဲ့ ကနဦးပေးချေမှုအနေနဲ့ ပေါင် ၂၇ သန်းကနေ ပေါင် ၃၆ သန်းကြား ကုန်ကျလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

ဗလင်စီယာအသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ဆုံးရှုံးခဲ့တာကြောင့် ငွေကြေးရှာဖွေဖို့ လိုအပ်နေတာဖြစ်ပြီး တောရက်စ်ဟာ ၎င်းရဲ့လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှုအများအပြားကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနည်းပြဂွါဒီယိုလာဟာ တောရက်စ်ကို မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့အပါအဝင် ဥရောပအသင်းတွေက စိတ်ဝင်စားနေချိန်မှာ မန်ချက်စတာစီးတီးကို ရွေးချယ်ဖို့အတွက် စည်းရုံးရာမှာ အဓိကအစိတ်အပိုင်းက ပါဝင်ခဲ့တယ်လို့ နားလည်ရပါတယ်။

Photo: playingfor90

ဂွါဒီယိုလာဟာ ဆာနေးကို ကနဦးယူရို ၄၉ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရောင်းချခဲ့ရပြီးနောက် တောင်ပံကစားသမားသစ်ခေါ်ယူဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ လီဗာပူးကို စိန်မခေါ်နိုင်ခဲ့တဲ့နောက် ယခုနွေရာသီမှာ ပထမအသင်းလူစာရင်းကို သိသာထင်ရှားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။