မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဟာ လာမယ့်အပတ်မှာ ကစားသွားရတော့မှာဖြစ်ပြီး ဘယ်နောက်ခံကစားသမားလုခ်ရှောက ယခုရာသီကို ဆုဖလားစင်ပေါ်မှာ နောက်ထပ်ဖလားတွေ ထပ်ဖြည့်ပြီး အဆုံးသတ်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာအတွင်း ဝင်ရောက်နိုင်ဖို့အစား ဆုဖလားတွေကို ရယူဖို့ပဲ ပထမဦးစားပေးပြုလုပ်ရမယ်လို့ လုခ်ရှောက ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: skysports

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်၊ အက်ဖ်အေနဲ့ ကရာဘောင်ဖလားပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ ၃ နှစ်က ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာ နောက်ဆုံးရရှိထားခဲ့တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ၂၀၂၀-၂၀၂၁ ရာသီဟာ လာမယ့်တနင်္ဂနွေနေ့ ပဲလေ့စ်နဲ့ပွဲစဉ်မှာ စတင်တော့မှာဖြစ်ပြီး ရှောက ၎င်းတို့ရဲ့ရာသီကြိုကာလဟာ ပုံမှန်မဟုတ်ဘဲ တိုတောင်းခဲ့ပေမယ့်လည်း စိန်ခေါ်မှုတွေပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: acefootball

“အရမ်းထူးဆန်းတဲ့ခံစားချက်မျိုးပဲ။ အထူးသဖြင့် ကျွန်တော့်အတွက်ပေါ့။ ကျွန်တော် အနားယူဖို့ အချိန်အများကြီးရခဲ့တယ်လို့ မခံစားရပါဘူး။ ကျွန်တော် မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောတာပါ”

“ကျွန်တော်တို့ ဒီရာသီအတွက် အဆင်သင့်ပါပဲ။ ကျွန်တော်တို့ တောင့်တင်းနေဖို့ လိုအပ်ပြီး ဆုဖလားတွေအပေါ်မှာ အာရုံစိုက်ဖို့လိုပါတယ်။ ထိပ်ဆုံးလေးနေရာ ဝင်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့လိုအသင်းက ဆုဖလားတွေ အနိုင်ရရှိသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။