မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီး ၂ သင်းစလုံးဟာ သဘောတူညီမှုအတွက် စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးပြီးမှ ပျက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒမ်ဘီလီဟာ ၂ သင်းစလုံးဆီကို အချက်အလက်တွေဖြည့်ထားတဲ့ စာရွက်စာတမ်းတွေ ပေးပို့ခဲ့ပေမယ့်လည်း နူးကမ့်မှာပဲဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Sport Witness က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒမ်ဘီလီဘက်က နောက်ဆုံးမိနစ်မှာ စိတ်ပြောင်းသွားတာကြောင့် ထိပ်တန်းကစားသမားခေါ်မှုတစ်ခုမှ မပြုလုပ်လိုက်ဘဲ အပြောင်းအရွှေ့ဈေးကွက်ကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

Photo: Daily Express
နွေရာသီတလျှောက်လုံး ဆန်ချိုကို ပစ်မှတ်ထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်နဲ့ သဘောတူညီမှုရရှိအောင် မပြုလုပ်နိုင်ခဲ့တဲ့နောက် အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းလောက်အလိုမှာ ဒမ်ဘီလီကို ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေဟာ ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှုအပြီးသတ်ရရှိနိုင်အောင် ဈေးကွက်ပိတ်ဖို့ နောက်ဆုံးရက်အနည်းငယ်ကို ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်း လိုင်ယွန်ကြယ်ပွင့် မန်းဖစ်ဒီပိုင်းအတွက် လစာပေးချေနိုင်အောင် ဒမ်ဘီလီကို ထွက်ခွာစေချင်ခဲ့တာဖြစ်ပြီး လိုင်ယွန်ကြယ်ပွင့်ဟာ ပေါင် ၂၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် စာချုပ်ချုပ်ဆိုဖို့ ကာတာလိုးနီးယားကို လာရောက်ဖို့ အဆင်သင့်စောင့်နေခဲ့တာဖြစ်ပါတယ်။

Photo: Football 365
France Football ရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီအတွက် ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ အရာအားလုံးသဘောတူညီခဲ့ပြီးဖြစ်ပြီး စာချုပ်မှာတောင် လက်မှတ်ထိုးထားခဲ့ပြီးဖြစ်တာကြောင့် စာရွက်စာတမ်းတွေကို ဒမ်ဘီလီ လက်မှတ်ထိုးရအောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အပြောင်းအရွှေ့နောက်ဆုံးနေ့ နာရီပိုင်းအလိုမှာပဲ ဒမ်ဘီက နူးကမ့်မှာပဲဆက်နေပြီး ဘာစီလိုနာပထမအသင်းမှာ တစ်နေရာရအောင် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
