မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ပေါ့ဂ်ဘာကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ မျှော်လင့်ချက်ကို လက်လျှော့ခြင်းမရှိသေးဘဲ အသင်းမှာ ဆက်မနေချင်တော့တဲ့ ပြင်သစ်ကြယ်ပွင့်ကို ကြီးမားတဲ့ လစာနဲ့ နောက်ဆုံးကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

Manchester United's Pogba

Photo: Manchestereveningnews

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီမှု ရယူဖို့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရရှိနေပြီဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ယခုလာမယ့်နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာတော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရပေမယ့်လည်း အခြားအသင်းတွေဆီကနေ အများကြီး စိတ်ဝင်စားမှု ပြသတာမျိုး မရရှိခဲ့တာကြောင့် ယူနိုက်တက်အတွက် နောက်ဆုံးတစ်ကြိမ် အခွင့်အရေး ရှိနေသေးတယ်လို့ မျှော်မှန်းခြင်းခံနေရပါတယ်။

Paul Pogba

Photo: Eurosport

The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို တခြားကလပ်အသင်းတွေ ပေးနိုင်တာထက် ပိုမိုများပြားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ဆန္ဒရှိနေပြီး ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့လို အသင်းတွေကို အလဲထိုးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်း တန်ကြေးရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး အဲဒီစာချုပ်သစ်အရ ပြင်သစ်ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ လစာအများဆုံး ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာဟာ ဥရောပတလွှားက ကလပ်အသင်းတွေ ကမ်းလှမ်းဖွယ်ရှိတဲ့ ပမာဏထက် တစ်ပတ်လုပ်ခ ပေါင် ၁ သန်း ပိုမို ရရှိမှာဖြစ်ပြီး အခြေခံလစာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းနဲ့ ထပ်ဆောင်းဆုကြေးငွေတွေကို ရရှိမှာဖြစ်ပါတယ်။

Featured Photo: Footballitalia