မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ဒါလော့နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာ အင်္ဂါနေ့က ၂ ယောက်တည်း ဘောလုံးကန်ခဲ့ကြပြီး ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရွေးစင်အသင်းဖော် ရော်နယ်ဒိုရဲ့ထင်ရှားတဲ့ အောင်ပွဲခံပုံအတိုင်း အောင်ပွဲခံခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့နံနက်အစောပိုင်းမှာ ၎င်းတို့ရဲ့ ကာရင်တန်လေ့ကျင့်ရေးစခန်းကို ပိတ်သိမ်းခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးဟာ လာမယ့်ကာလတစ်ခုအထိ အိမ်မှာပဲ နေထိုင်သွားရမှာဖြစ်ပါတယ်။

Photo: metro

“အစိုးရရဲ့နောက်ဆုံးလမ်းညွှန်ချက်အရနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် ပထမအသင်း၊ အမျိုးသမီးအသင်းနဲ့ အကယ်ဒမီကစားသမားတွေဟာ လက်ရှိအချိန်မှာ အသင်းရဲ့အထောက်အကူမပါဘဲ တစ်ဦးချင်း လေ့ကျင့်ရပါလိမ့်မယ်”လို့ ထုတ်ပြန်ကြေညာချက်မှာ ယူနိုက်တက် ရှင်းပြခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ဒါလော့တို့ဟာ ယူနိုက်တက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာချက်တစ်ခုလုံးကို သတိပြုမိခဲ့ပုံမရဘဲ အင်္ဂါနေ့ညနေမှာ ဒါလော့ရဲ့အိမ်နောက်ဖေးပန်းခြံထဲမှာ အတူတူ ဘောလုံးကစားနေခဲ့ကြတာဖြစ်ပါတယ်။

Photo: Mirror

ဒါလော့က ၎င်းရဲ့တွစ်တာမှာ ဘရူနိုဖာနန်ဒက်စ်နဲ့အတူ တစ်ယောက်တစ်လှည့်စီ ဂိုးသွင်းလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်က ဒါလော့ကို ဂိုးကန်သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ကျော်ကြားတဲ့ အောင်ပွဲခံပုံကို ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နောက်မှာတော့ ဒါလော့ကန်သွင်းလိုက်တဲ့ဘောလုံးဟာ ဂိုးပေါက်နဲ့ တော်တော်လေးလွဲချော်သွားခဲ့ပြီး သစ်ပင်တွေကြားထဲကို ရောက်ရှိသွားလို့ ပြန်ယူလို့မရတော့တဲ့အတွက် ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီလို ဒါလော့ကို ကျိန်ဆဲခဲ့ပြီး “မင်း လုပ်လို့ ပျောက်သွားတာဆိုတော့ မင်းပဲ ရှာ”လို့ ပြောကြားခဲ့ပါတယ်။