မနေ့က ကြာသပတေးနေ့ညပိုင်းမှာ မန်ချက်စတာစီးတီးနောက်ခံလူ ကန်ဆယ်လိုရဲ့ နေအိမ်အတွင်း ဖောက်ထွင်းမှုတစ်ခု ဖြစ်ခဲ့ပြီး လုယက်သူတွေရဲ့ တိုက်ခိုက်ခြင်းခံရတယ်လို့ သိရပါတယ်။ အဆိုပါလုယက်မှု ဖြစ်စဉ်အတွင်း ကန်ဆယ်လိုဟာ လက်ဝတ်ရတနာများလာရောက်ဖောက်ထွင်းခိုးယူခဲ့တဲ့ လုယက်သူလေးဦးကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီးနောက် မျက်နှာမှာ ဒဏ်ရာများရခဲ့ပါတယ်။

Photo : The Independent
ကန်ဆယ်လိုဟာ သူ့ရဲ့နေအိမ်အတွင်း လုပ်ဖော်ကိုင်ဖက်တစ်ဦး ၊ သမီးဖြစ်သူတို့နဲ့ အတူရှိနေစဉ်အခုလို ထိတ်လန့်ဖွယ် လုယက်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့က စုံစမ်း စစဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မန်ချက်စတာမြို့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်တဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဒီ တိုက်ခိုက်မှုဖြစ်စဉ်အပြီး သူ့ရဲ့ဒဏ်ရာမှတ်တမ်းဓာတ်ပုံကို အင်စတာဂရမ်လူမှုကွန်ယက်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo : Daily Mail
” ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာ လုယက်သူလေးယောက်က ကျွန်တော့်ကိုထိုးကြိတ်ခဲ့ပြီး ကျွန်တော့် မိသားစုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ် ၊ လုယက်သူတွေရဲ့ တိုက်ခိုက်မှုကို ပြန်ခုခံဖို့ ကြိုးစားရင်း အခုလိုအခြေနေထိ ခံလိုက်ရတာပါ။ သူတို့ ကျွန်တော့်ရဲ့ လက်ဝတ်ရတနာပစ္စည်း အားလုံးကို ယူဆောင်သွားကြပြီး ကျွန်တော့်မျက်နှာမှာ ဒဏ်တွေကျန်ခဲ့အထိ ထိုးကြိတ်ခဲ့ကြတယ် ”
” ဒီလိုယုတ်မာတဲ့လူတွေ ဘာလို့ရှိနေတာလဲ ကျွန်တော်မသိဘူး ၊ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ကျွန်တော့် မိသားစု ဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ သူတို့အားလုံး အဆင်ပြေပါတယ် ၊ ကျွန်တော်ဘဝမှာ အတားအဆီးတွေ အများကြီးကျော်ဖြတ်ခဲ့ပြီးပြီ ၊ ဒါကလည်း ကျွန်တော်ကျော်ဖြတ်ရမယ့် နောက်ထပ်အရာတစ်ခုပါပဲ ၊ အမြဲတမ်း ကြံ့ခိုင်အောင်နေဖို့ ကြိုးစားနေပါတယ် ” လို့ သူရဲ့ အင်စတာဂရမ်လူမှုကွန်ယက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo : SempreInter.com
မန်ချက်စတာစီးတီးအသင်းဟာလည်း ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ထိတ်လန့်တုန်လှုပ်မိကြောင်း ၊ လက်ရှိမှာ ကန်ဆယ်လိုနဲ့ ၎င်းရဲ့ မိသားစုကို ပံ့ပိုးကူညီမှုတွေလုပ်ပေးနေကြောင်း ၊ ဖောက်ထွင်းမှုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှုတွေအတွက်လည်း ကူညီပေးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၂၇ နှစ်အရွယ် နောက်ခံလူ ကန်ဆယ်လိုဟာ ၂၀၁၉ ခုနှစ်က ဂျူဗင်တပ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ယခုနှစ်ရာသီအတွင်း နည်းပြဂွာဒီယိုလာရဲ့ စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိထားပြီး အသင်းအတွက်ပြိုင်ပွဲစုံ ၂၆ ပွဲကစားထားပါတယ်။
Featured Photo : Daily Mail
