ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းက ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အစမှာ မန်ချက်စတာစီးတီးအသင်းကို ရောင်းချဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်အသင်းက ကမ်းလှမ်းမှုကို မစဉ်းစားခဲ့တာဖြစ်တယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Photo: sportskeeda

RAC1 ရဲ့ဖော်ပြချက်အရ ဂရစ်ဇ်မန်းဟာ ၎င်းရဲ့ပထမဆုံးရာသီအကုန်မှာပဲ မရေရာမှုတွေများနေတဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာချင်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြဗယ်ဗာဒီလက်ထက်မှာ ခေါ်ယူခြင်းခံခဲ့ရတဲ့ ဂရစ်ဇ်မန်းဟာ ရာသီဝက်မှာပဲ နည်းပြအပြောင်းအလဲကို ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ကီကေးဆက်တီယန်ကလည်း ရာသီကုန်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာအသင်းကို ပေါင် ၁၀၈ သန်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး နူးကမ့်မှာ ဂရစ်ဇ်မန်းရဲ့ပွဲဦးထွက်ရာသီကတော့ ခက်ခဲကြမ်းတမ်းခဲ့တာဖြစ်ပါတယ်။ အသင်းလိုက်ကြည့်မယ်ဆိုရင် ဘာစီလိုနာဟာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးနိမ့်ပြီး အရှက်တကွဲနဲ့ ရာသီသိမ်းခဲ့ရတာဖြစ်ပါတယ်။

Photo: sportskeeda

တစ်ဦးချင်းအရလည်း ဂရစ်ဇ်မန်းဟာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေခဲ့ပြီး ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂရစ်ဇ်မန်းက ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို စွန့်ခွာမှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းထုတ်ပြောထားပြီးသားဖြစ်ပြီး နည်းပြသစ်ကိုးမန်းကလည်း ဂရစ်ဇ်မန်းကို အထောင်တိုက်စစ်နေရာမှာကစားခိုင်းပြီး အကောင်းဆုံးပုံစံရအောင် ကြိုးပမ်းသွားမယ်လို့ ပြောထားပါတယ်။