၂၀၁၈-၂၀၁၉ ခုနှစ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးကိုတော့ မန်ချက်စတာစီးတီး ထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီပိတ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ အိမ်ရှင်ဘရိုက်တန်အသင်းကို (၁-၄) ဂိုးရလဒ်ဖြင့် အနိုင်ယူကာ နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လီပါပူးလ်အသင်းထက် တစ်မှတ်အသာနဲ့ ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Manchester City

ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းကတော့ အိမ်ရှင်ဘရိုက်တန်အသင်းကို လွယ်လွယ်ကူကူနဲ့တော့ အနိုင်ရရှိခဲ့တာမဟုတ်ပါဘူး။ အိမ်ရှင်အသင်းရဲ့ ဖိအားပေးကစားခဲ့ပုံတွေကို အလူးအလဲခံခဲ့ရပြီး ပွဲချိန် (၂၇) မိနစ်မှာပဲ ဘရိုက်တန်အသင်းတိုက်စစ်မှူး ဂလင်းမာရေ ထောင့်ကန်ဘောကနေတစ်ဆင့် ကန်တင်လိုက်တဲ့ဘောလုံးကို တိကျစွာ ခေါင်းတိုက်သွင်းခဲ့တာကြောင့် ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ သို့ပေမယ်လည်း မန်စီးတီးအသင်းအတွက် အားတက်စေခဲ့တဲ့အချက်က ဦးဆောင်ဂိုးအရင်ဆုံးခွင့်ပြုပြီး (၁) မိနစ်အကြာ ပွဲချိန် (၂၈) မိနစ်မှာပဲ မန်စီးတီးအသင်း ဂိုးသွင်းဘုရင်အဂွဲရိုးက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source : AP News

ထပ်မံပြီး ပွဲချိန် (၃၈) မိနစ်မှာ မန်စီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို လာပေါ့တ်က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် (၆၃) မိနစ်မှာတော့ မန်စီးတီးကစားသမား မာရက်ဇ်ကတတိယမြောက်သွင်းဂိုးကို ပိုင်ပိုင်နိုင်နိုင်ရယူပေးနိုင်ခဲ့ပြီး ဆက်တိုက်ဆိုသလို ပွဲချိန် (၇၂) မိနစ်မှာ ဂွန်ဒိုဂန်က စတုထ္တမြောက်အနိုင်ဂိုးကို ထပ်မံသွင်းကာ (၁-၄) ဂိုးရလဒ်နဲ့ အိမ်ရှင်ဘရိုက်တန်အသင်းကို အပြတ်အသတ်အနိုင်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ပြိုင်ဘက်လီပါပူးလ်အသင်းနဲ့ (၇) မှတ်တိတိကွာဟနေခဲ့တဲ့ အနေအထားကနေ အမှတ်ပေးဇယားရဲ့ နံပါတ်တစ်နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကာ စုစုပေါင်း (၉၈) နဲ့ လီပါပူးလ်အသင်းကို ၁ မှတ်အသာနဲ့ ချန်ပီယံဆုကြီးထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ (၂) နှစ်ဆက်ချန်ပီယံဆုရှင်ကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ မန်စီးတီးအသင်းအတွက် ဂုဏ်ယူပါတယ်။

Source : BBC