မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဂျက်ဆီလင်ဂတ်ဟာ လေ့ကျင့်ရေးအစီအစဉ်အတွင်း နည်းပြအိုလေဂန်းနားဆိုးလ်ရှားရဲ့နောက်ကွယ်မှာ လေ့ကျင့်ရေးမလုပ်ဘဲ ပြောင်ချော်ချော်တွေ လုပ်နေတဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေဟာ လင်ဂတ်ကို ဒေါသထွက်နေကြတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

Photo: Metro

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဆီလင်ဂတ်ဟာ လက်ရှိအချိန်မန်ချက်စတာယူနိုက်တက်အသင်းအဝတ်လဲခန်းထဲမှာ စီနီယာကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီအစောပိုင်း အက်စ်တာနာနဲ့ကစားခဲ့တဲ့ ပထမဆုံးယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့သူဖြစ်ပါတယ်။

လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေတာ ၅ ရာသီမြောက်ရှိနေပြီဖြစ်ပြီး ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၀ မှာ တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုကို ခံနေရသူဖြစ်ပါတယ်။

လင်ဂတ်ရဲ့ဆိုးရွားတဲ့ခြေစွမ်းကြောင့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝက်ဖို့ဒ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး နည်းပြဆိုးလ်ရှားက လင်ဂတ်ရဲ့ခြေစွမ်းဟာ လက်ခံနိုင်စရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက်တာဖြစ်ပါတယ်။

Photo: Mirror

ဒါပေမယ့်လည်း ဂျက်ဆီလင်ဂတ်ဟာ အမြင်မှန်ရသေးပုံမရဘဲ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်း နည်းပြဆိုးလ်ရှားက အခြားနေရာတွေကို အာရုံစိုက်နေချိန် နောက်ကွယ်မှာ ပြောင်ချော်ချော်အပြုအမူတွေကို ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဂျက်ဆီလင်ဂတ်ဟာ ဘောလုံးနဲ့ လေ့ကျင့်နေရမယ့်အစား ပြောင်ချော်ချော် ကိုယ်အမူအရာပြုလုပ်ခဲ့ပြီးနောက် ကင်းမြီးကောက်ထောင်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ လင်ဂတ်ရဲ့အပြုအမူကလည်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ပဲလားလို့ မေးခွန်းထုတ်ပြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။