မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်ညာနောက်ခံကစားသမား မိတ်လန်းနိုင်းစ်ကို ခေါ်ယူဖို့အတွက် နောက်တဆင့် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ Sport1 ဂျာနယ်လစ် ဖလော်ရီယန်ပလက်တန်ဘတ်ရဲ့ပြောကြားချက်အရ သိရပါတယ်။
သတင်းအရ မိတ်လန်းနိုင်းစ်ရဲ့ အပြောင်းအရွှေ့ဟာ ယူရို ၂၂ သန်းနဲ့ အခြားထပ်ဆောင်းပေးချေမှုတွေ ပါဝင်လိမ့်မယ်လို့ သိရပြီး တကယ်လို့ အပြောင်းအရွှေ့သာဖြစ်မြောက်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ယခုနွေရာသီ ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်။

Photo: Sports Mole
နေရာစုံမှာ ကစားနိုင်တဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားကို နည်းပြအာတီတာက ကွင်းလယ်မှာ အသုံးပြုနေခဲ့တာဖြစ်သလို ညာနောက်ခံတောင်ပံမှာလည်း အသုံးပြုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ မိတ်လန်းနိုင်းစ်ရဲ့ အပြောင်းအရွှေ့ကို သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနေတာဖြစ်ပြီး အာဆင်နယ်က အက်သလက်တီကိုက ပါတေး၊ လိုင်ယွန်က ဟူဆန်အူဝါတို့နဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မိတ်လန်းနိုင်းစ်ကို ဈေးကွက်ထဲမှာ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

Photo : CaughtOffside
မိတ်လန်းနိုင်းစ်ကို ရောင်းချမှုက အာဆင်နယ်အတွက် ပါတေးရော ဟူဆန်အူဝါကိုပါ ခေါ်ယူနိုင်အောင် ငွေကြေးအကူအညီဖြစ်လာစေမှာဖြစ်ပါတယ်။
