မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားနေရာအတွက် ဖြစ်နိုင်ဖွယ် အစားထိုးခန့်အပ်မယ့် ပစ်မှတ်စာရင်းထဲမှာ နည်းပြ ၄ ဦးကို ထည့်သွင်းထားတယ်လို့ သိရပြီး အဲဒီထဲမှာ ဘရန်ဒန် ရော်ဂျာလည်း ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ole-gunnar-solskjaer

Photo: ManchesterEveningNews

မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ တနင်္ဂနွေနေ့က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်ကို ၅-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ အသင်းက အနေအထားကို စဉ်းစားနေပြီဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်က ရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ပြီဖြစ်ပြီး ဆိုးလ်ရှားရဲ့အသင်းဟာ ၉ ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးနဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားထားပေမယ့် လက်ရှိမှာ ယူနိုက်တက်ကတော့ နည်းပြသစ် ခန့်အပ်ဖို့ ရွေးချယ်စရာတွေကို အကဲဖြတ်နေပြီလို့ နားလည်ရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဆိုးလ်ရှားအလွန် နည်းပြဖြစ်လာမယ့်သူကို ရှာဖွေနေပြီး ယူနိုက်တက်နည်းပြရာထူးကို ဘယ်သူ စိတ်ဝင်စားနေလဲဆိုတာ သိရအောင် လုပ်ဖို့ အေးဂျင့်တွေကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

Brendan Rodgers

Photo: The Independent

သတင်းတွေအရ ဘရန်ဒန် ရော်ဂျာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ အန်တိုနီယို ကွန်တီ၊ ဇီဒန်း၊ အေဂျက်နည်းပြ အဲရစ် တန်း ဟက်ဂ်တို့နဲ့အတူ ပါဝင်နေတယ်လို့ သိရပြီး လက်စတာစီးတီးနည်းပြရဲ့ စာချုပ်လျော်ကြေးဟာ ၁၆ သန်း သတ်မှတ်ထားတာဖြစ်ပါတယ်။ ဘရန်ဒန် ရော်ဂျာဟာ ၂၀၁၉ ခုနှစ်မှာ ဆဲလ်တစ်အသင်းကို စွန့်ခွာခဲ့ပြီးကတည်းက လက်စတာစီးတီးအသင်းနဲ့အတူ အထင်ကြီးဖွယ် အကျိုးသက်ရောက်မှုတွေ ပြုလုပ်ပြသထားနိုင်ခဲ့သူဖြစ်ပြီး ကွန်တီကလည်း အင်တာမီလန်ကို စီးရီးအေဖလား ရယူပေးပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာပြီး အနားယူနေတာဖြစပါတ်။

Antonio Conte

Photo: Eurosport

ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ရယူခဲ့ဖူးတဲ့ ကွန်တီအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်သွားဖို့ စိတ်ဝင်စားနေလိမ့်မယ်လို့ နားလည်ရပြီး ဇီဒန်းကတော့ အားပြန်ဖြည့်နေတုန်းကာလဖြစ်တာကြောင့် နည်းပြအလုပ်ကို ချက်ချင်း ပြန်လုပ်ဖို့ စိတ်ဝင်စားခြင်းမရှိသေးဘူးလို့ ပြောကြားထားပါတယ်။ အေဂျက်နည်းပြ အဲရစ် တန်း ဟက်ဂ်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ဒတ်ချ်ကလပ်အသင်းနဲ့အတူ လိဂ်ဖလားနဲ့ ဒတ်ချ်ဖလား ၂ ကြိမ်စီ ရယူပေးထားသူဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် အေဂျက်နည်းပြဟာ ဆော်ဒီလုပ်ငန်းစုက နယူးကာဆယ်အသင်းကို ပေါင် ၃၀၅ သန်းနဲ့ ဝယ်ယူပြီးနောက်ပိုင်း အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ပစ်မှတ်ထားခြင်း ခံနေရသူဖြစ်ပါတယ်။

Featured Photo: Metro