မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားမာတာဟာ မန်ချက်စတာအသင်းနဲ့အတူ (၂) နှစ်စာ သက်တမ်းတိုးစာချုပ်အသစ် ထပ်မံချုပ်ဆိုနိုင်ခဲ့ပြီလို့ အတည်ပြုကြေငြာခဲ့ပါတယ်။

အသက် (၃၁) နှစ် အရွယ်ကစားသမားမာတာဟာ မန်ယူသင်းနဲ့ လာမယ့် ဇွန် (၃၀) ရက်မှာစာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အစောပိုင်းမှာ အသင်းဘက်ကနေ နောက်ထပ်တစ်နှစ်သာ သက်တမ်းတိုးစာချုပ်သစ်ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းတာကြောင့် ၎င်းဘက်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါကမ်းလှမ်းမှုအဆင်မပြေခဲ့တာကြောင့် မာတာတစ်ယောက် မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာမယ့် အခြေအနေတွေဖြစ်ခဲ့ပါတယ်။

Source : goolfm.net

ကစားသမားအပြောင်းအရွှေ့ကာလမှာလည်း ဗလန်စီယာအသင်းနဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာကြောင့် မာတာရဲ့ အသင်းပြောင်းရွှေ့မှုအခြေအနေတွေက ပရိသတ်တွေကြား စိတ်ဝင်တစာ စရာသတင်းတစ်ပုဒ်အဖြစ် ရှိနေခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ (၂) နှစ်အထိ သက်တမ်းတိုးစာချုပ်အသစ်အတွက် တိုးမြှင့်ညှိနှိုင်းခဲ့ရာမှာတော့ သဘောတူညီမှုရရှိခဲ့တာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်အထိ ကွင်းလယ်ကစားသမားမာတာကို အသင်းမှာဆက်လက်မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

မာတာဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၃၇.၁ သန်းဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Source : Evening Standard

မာတာဟာ ၂၀၁၆ ခုနှစ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ်စတယ်ပဲ့လေ့နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ မန်ယူအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ (၅) နှစ်တာကာလအတွင်း အက်ဖ်အေဖလား ၊ ယူရိုပါလိဂ်ဖလား ၊ လိဂ်ဖလား ၊ ကွန်မြူနတီဒိုင်း စတဲ့အောင်မြင်မှုများစွာရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Premier League

မန်ယူအသင်းကို ပြောင်းရွှေ့လာချိန်မှစပြီး လက်ရှိအချိန်အထိ အသင်းနဲ့အတူ ပွဲပေါင်း (၂၁၈) ပွဲကစားထားကာ သွင်းဂိုးစုစုပေါင်း (၄၅) ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီမှာလည်း နည်းပြဆိုးရှားရဲ့ ထိန်းချုပ်မှုအောက်မှာ အသင်းနဲ့အတူ အောင်မြင်မှု မှတ်တိုင်အသစ်တွေ ထပ်မံစိုက်ထူနိုင်ဦးမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။