မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုကို ရပ်တန့်ပြီးနောက် လိဒ်စ်ယူနိုက်တက် ကွင်းလယ်ကစားသမား ကယ်ဗင် ဖိလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်နဲ့ ခံစစ်ကို အင်အားဖြည့်တင်းနိုင်ခဲ့တာဖြစ်ပြီး ရာဖေးလ် ဗာရန်း၊ ရော်နယ်ဒိုနဲ့ ဆန်ချိုတို့အတွက် ပေါင်သန်း ၁၃၀ ကျော်သုံးစွဲပြီး ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ နောက်ထပ်ထိပ်တန်းအဆင့် ကွင်းလယ်ခံစစ်ကစားသမားကို ခေါ်ယူဖို့ ဦးစားပေးပစ်မှတ်ထားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်တုန်းက ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်က အဓိကပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Kalvin-Phillips-and-Patrick-Bamford-laughing-during-England-training

Photo: Flipboard

ဒါပေမယ့်လည်း Daily Star ရဲ့ ဖော်ပြချက်အရ ရိုက်စ်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲက အင်္ဂလန်အသင်းနဲ့ ပြသခဲ့တဲ့ ထူးချွန်တဲ့ ခြေစွမ်းကြောင့် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဟာ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအသင်း သတ်မှတ်ထားတဲ့ ပေါင်သန်း ၉၀ ကို ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ရိုက်စ်အစား ပိုမိုဈေးသက်သာတဲ့ နောက်ထပ် ရွေးချယ်စရာကို ဈေးကွက်အတွင်း ရှာဖွေခဲ့ပြီး ဝက်စ်ဟမ်းကြယ်ပွင့်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဖိလစ်က ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ လိဒ်စ်ဟာ ၎င်းတို့ရဲ့ အကယ်ဒမီထွက်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဝန်းကျင် တောင်းဆိုသွားဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပြီး ဖိလစ်ဟာ လွန်ခဲ့တဲ့ ၇ နှစ်က လိဒ်စ်ယူနိုက်တက်အတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး နည်းပြ မာဆယ်လို ဘီရယ်ဆာလက်အောက် အသင်းရဲ့အောင်မြင်မှုမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပါတယ်။

Kalvin-Phillips-and-Patrick-Bamford-laughing-during-England-training

Photo : The Telegraph

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ အသင်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်အသင်းမှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိသေးပြီး ယူနိုက်တက်အနေနဲ့ ယခုလာမယ့် ဇန်နဝါရီ သို့မဟုတ် လာမယ့်နွေရာသီမှာ ကြိုးပမ်းသွားမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိရခြင်းမရှိသေးပါဘူး။

Featured Photo: ESPN