ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီးကတည်းက အရင်တုန်းကအချိန်တွေထက်ပိုပြီး မန်ချက်စတာယူနိုက်တက်ကို ပြန်လာဖို့အတွက် အလေးအနက် စဉ်းစားနေတယ်လို့ သိရပါတယ်။
ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာ ကစားခဲ့တဲ့ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပုံမှန်အားဖြင့် ပြန်လာဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

Photo: Metro
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်အသင်းက ရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ The Athletic က ဖော်ပြခဲ့ပြီး ဆိုးလ်ရှားကလည်း ၎င်းရဲ့အသင်းဖော်ဟောင်းနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ ရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ယခုနွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီး အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးကလည်း လက်ခံချင်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ ဆိုးလ်ရှားက အသင်းအတွက် ၎င်းရဲ့အစီအစဉ်ကို ချပြခဲ့ကြောင်းနဲ့ ပေါ်တူဂီကြယ်ပွင့် ပြန်လာမယ်ဆိုရင် အသင်းအတွက် ဘယ်လောက်အထိ အရေးပါမလဲဆိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ထပ်လောင်းဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမလား၊ မရဘူးလားဆိုတာက ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်အတွက် အခရာဖြစ်လာမှာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးဟာ ဘိုလော့ဂ်နာနဲ့ ရာသီပိတ်ပွဲစဉ် ၁ ပွဲသာကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာက နာပိုလီနဲ့ ၁ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
