အိမ်ကွင်းမှာ စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဝေဖန်မှုတွေများစွာနဲ့ ပွဲဆူနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာတော့ အိမ်ရှင်နယူးကာဆယ်အသင်းကို ဂိုးပြတ်ရလဒ်ဖြင့် နိုင်ပွဲပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရခဲ့တယ်ဆိုပေမယ့် ပွဲကစားချိန်အစောပိုင်းမိနစ်တွေမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးစတင်ခွင့်ပြုပေးခဲ့ရတာကြောင့် ပိုမိုဖိအားများခဲ့ပါတယ်။ အဆိုပါဦးဆောင်ဂိုးကိုတော့ပွဲချိန် (၂) မိနစ်မှာပဲ နယူးကာဆယ်ကွင်းလယ်ကစားသမားရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ကာကွယ်ရာမှ လုခ်ရှောနဲ့ ထိမှန်ပြီး ယူနိုက်တက်အသင်းဂိုးပေါက်ထဲဝင်ရောက်သွားခဲ့တာကြောင့် OG ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

Source : VnExpress

ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီးနောက်ပိုင်းမိနစ်တွေမှာ ယူနိုက်တက်အသင်းအနေနဲ့ ကစားကွက်ပြန်လည်တည်ငြိမ်လာခဲ့ပြီး အိမ်ရှင်နယူးကာဆယ်အသင်းကို ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၂၃) မိနစ်မှာတော့ မာတာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် မက်ဂွိုင်းယားက လှလှပပ ခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်အသင်းကပဲ ဆက်လက်ဦးဆောင်ကစားခဲ့ပြီး နှစ်သင်းစလုံး သွင်းဂိုးတွေထပ်မံရရှိခြင်းမရှိခဲ့တာကြောင့် ပထမပိုင်းပွဲကစားချိန်ကို (၁-၁) သရေရလဒ်ဖြင့်သာအဆုံးသတ်ခဲ့ပါတယ်။

Source : News World Express

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ယူနိုက်တက်အသင်းကပဲ ဆက်လက်ဦးဆောင်နေခဲ့ပြီး ပွဲချိန် (၅၈) မိနစ်မှာ ယူနိုက်တက်အသင်း ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့ကာ အဆိုပါပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ် ကကန်သွင်းခဲ့ပေမယ့် နယူးကာဆယ်ဂိုးသမားဒါလို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးရမယ့်အခွင့်အရေးနဲ့ ဝေးခဲ့ရပါတယ်။ ဒုတိယပိုင်းရဲ့ ကျန်ရှိနေတဲ့ လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်အသင်းအနေနဲ့ ကစားသမားအပြောင်း အလဲတွေပြုလုပ်ခဲ့ပြီး တိုက်စစ်ကိုပိုမိုအားဖြည့်ကာ အိမ်ရှင်အသင်းကို ဆက်လက်ဦးဆောင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၈၆) မိနစ်မှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့ဖန်တီးပေးမှုကနေတဆင့် ဘရူနိုဖာနန်ဒက်စ်က အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ဆက်တိုက်ဆိုသလို ပွဲချိန်မိနစ် (၉၀)မှာ ဘစ်ဆာကာရဲ့ကန်ချက်ကနေ တတိယမြောက်ဂိုးထပ်မံရရှိခဲ့ပါတယ်။

Source : The Busby Babe

ပွဲချိန် (၉၆) မိနစ် နာကျင်အချိန်ပိုအတွင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့ကန်သွင်းမှုကနေ နောက်ထပ်သွင်းဂိုး တစ်ဂိုးထပ်မံရရှိခဲ့ပြီး ထင်မှတ်မထားတဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အိမ်ရှင် နယူးကာဆယ်အသင်းကို (၄-၁) ဂိုးရလဒ်ဖြင့် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။