မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးမီက ရှန်ဟိုင်းရှန်ဟွာနဲ့ အငှားစာချုပ်အတွက် ပြောဆိုဆွေးနွေးမှု ပျက်သွားခဲ့ပြီးနောက် အီဂါလိုကို မေလကုန်မှာ ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ပရီးမီးယားလိဂ်ရာသီပြန်လည်စတင်မယ့်အချိန်အတွက် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးရဲ့ အငှားစာချုပ်သက်တမ်းကို တိုးမြှင့်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပေမယ့်လည်း ရှန်ဟိုင်းရှန်ဟွာအသင်းက အပြီးသတ်ရောင်းချဖို့သာ ခွင့်ပြုလိုနေတာဖြစ်ပါတယ်။
Photo: Metro
အီဂါလိုရဲ့ အငှားစာချုပ်သက်တမ်းဟာ ယခုလကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အီဂါလိုကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူရမလား ဒါမှမဟုတ် ရာသီပြန်လည်စတင်ချိန်မှာ အီဂါလိုက အသင်းလူစာရင်းမှာ တစ်စိတ်တပိုင်း မပါဝင်တော့တာကို လက်ခံလိုက်ရမလားဆိုတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
တရုတ်စူပါလိဂ်ဟာ လာမယ့်ဇူလိုင်လမှာ ပြန်လည်စတင်ကျင်းပသွားဖို့ စီစဉ်ထားပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေ နှောင့်နှေးကြန့်ကြာနေတဲ့အတွက် အချိန်တိုက်နေမှာဖြစ်တာကြောင့် ရှန်ဟိုင်းရှန်ဟွာအသင်းတာဝန်ရှိသူတွေက အီဂါလိုရဲ့ အငှားစာချုပ်သက်တမ်းကို တိုးမြှင့်ပေးဖို့ ဆန္ဒမရှိနေတာဖြစ်ပါတယ်။
Photo: Evening Standard
တကယ်လို့ ယခုလကုန်မှာ အီဂါလိုကို မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ခေါ်ယူမှသာ အီဂါလိုကို ပရီးမီးယားလိဂ်ဆီ ပြန်လည်သွားရောက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အီဂါလိုကို ရှန်ဟိုင်းရှန်ဟွာအသင်းက မန်ချက်စတာယူနိုက်တက်အသင်း မပေးချေနိုင်တဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄ သိန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ကမ်းလှမ်းထားပြီး အီဂါလိုကို ပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ဖွယ်ရှိနေတဲ့ နယူးကာဆယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။