မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ယခုနွေရာသီ အသင်းက ခေါ်ယူခဲ့တဲ့ ကစားသမားတွေက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းကို အကောင်းဆုံးအခွင့်အရေးတွေ ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒေးဗစ် ဒီဂီယာက မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ Sky Sports နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး ဒီလူစာရင်းနဲ့ဆိုရင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့လို ဆုဖလားကြီးတွေအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။
Photo: sportskeeda
“ကျွန်တော်တို့ ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့မှာလည်း ကောင်းမွန်တဲ့ လူစာရင်းရှိနေပြီးသားပါ။ အဲဒီတော့ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို လိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရောက်ရှိဖို့ တိုက်ပွဲဝင်သွားမှာပါ။ အဲဒါက ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်ပါ။ ပရီးမီးယားလိဂ်က ပွဲစဉ်တိုင်းက ခက်ခဲပါတယ်”
“အဲဒီတော့ ကျွန်တော်တို့ ဆုဖလားကြီးတွေကို ရရှိချင်တယ်ဆိုတာ ဟုတ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့အတွက် တိုက်ပွဲဝင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြီးတော့ ကျွန်တော် ထင်တာက ကျွန်တော်တို့မှာ ခုရှိနေတဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေက အံ့အားသင့်စရာပါပဲ။ အသင်းက ကောင်းမွန်တဲ့အနေအထားမှာ ရှိနေပါတယ်”
မန်ချက်စတာယူနိုက်တက်အသင်းက ၁၀ စုနှစ်တစ်ခုနီးပါး စောင့်ဆိုင်းနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူဖို့ ကြိုးပမ်းနေတာကြောင့် အခြားအသင်းကြီးတွေဆီကနေ ယှဉ်ပြိုင်မှုတွေ ရှိလာနိုင်တာကို ဒီဂီယာက သတိပြုမိနေတာဖြစ်ပါတယ်။
“ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းကောင်းတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အမြဲတမ်းလိုပဲ ပရီးမီးယားလိဂ်မှာ အဲဒီလိုအသင်းတွေ ရှိနေတာပါ။ အဲဒီတော့ ဘာတွေဖြစ်လာမလဲ ကြည့်ကြတာပေါ့။ လာမယ့်ပွဲကို အာရုံစိုက်ကြတာပေါ့။ အများကြီးမတွေးဘဲ သေသေချာချာ ပြင်ဆင်ပြီး ကွင်းထဲမှာရော လေ့ကျင့်ရေးမှာပါ အားကုန်စိုက်ထုတ်ကြရမှာပါ။ အဲဒါမှ အဆင်သင့်ဖြစ်နေမှာပါ”လို့ ပြောကြားခဲ့ပါတယ်
Featured Photo: theathletic