ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရန့်ဖို့ဒ်တို့ ပွဲကစားနေစဉ်အတွင်း မန်ချက်စတာမြို့မှာရှိတဲ့ ယူနိုက်တက်ကြယ်ပွင့် ကစားသမား ဗစ်တာလင်ဒီလော့ဖ်ရဲ့ နေအိမ်ကို ဖောက်ထွင်ရေးသမားများ ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo : Daily Mail

ဆွီဒင်လက်ရွေးစင် နောက်ခံကစားသမားရဲ့ ဇနီးဖြစ်သူ မာဂျာနယ်လ်ဆင် လင်ဒီလော့ဖ်နဲ့ ကလေးငယ် နှစ်ဦးတို့ အိမ်ထဲရှိနေစဉ်မှာ အခုလိုထိတ်လန့်တုန့်လှုပ်ဖွယ် ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သူမဟာ အိမ်ထဲကို ဖောက်ထွင်းရေးသမားတွေဝင်ရောက်လာတာမြင်တွေ့လိုက်ချိန်မှာ သုံးနှစ်အရွယ် ကလေးနှစ်ယောက်နဲ့အတူ အခန်းတစ်ခန်းမှာ သော့ခတ်ပြီး ပုန်းအောင်းနေခဲ့ရတယ်လို့ သူမရဲ့ အင်စတာဂရမ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ်မှာ သူမနဲ့ ကလေးနှစ်ယောက်လုံး အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ခဲ့ရပေမယ့် ကြောက်စရာကောင်းတဲ့ ဒီအဖြစ်အပျက်ကြောင့် အရမ်းစိတ်ထိခိုက် တုန်လှုပ်သွားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူမဟာ လတ်တလောမှာတော့ ကလေးနှစ်ယောက်နဲ့ အတူ ဆွီဒင်နိုင်ငံကို သွားရောက်နေတယ်လို့ ဆိုပါတယ်။

Photo : Daily Mail

ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ဟာ လက်တလောအဖြစ်အပျက်တွေကြောင့် မိသားစုအရေးအတွက် မွေးရပ်မြေကို ပြန်ဖို့ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ နည်းပြ ရန်းနစ်ဂ်က လင်ဒီလော့ဖ်အနေနဲ့ လက်ရှိအချိန်မှာ ဇနီးနဲ့ကလေးတွေအနားမှာ အတူရှိသင့်တယ်လို့ ထောက်ခံပြောဆိုခဲ့ပြီး မနက်ဖြန်မှာကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲကစားမယ့်ပွဲမှာလည်း လင်ဒီလော့ဖ်ကို လူစာရင်းမှာမထည့်ပဲ အနားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

မကြာသေးခင် လပိုင်းကလည်း မန်ချက်စတာမြို့မှာရှိတဲ့ မန်ချက်စတာစီးတီးအသင်း နောက်ခံလူ ကန်ဆယ်လိုရဲ့ နေအိမ်မှာ ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး လက်ဝတ်ရတနာပစ္စည်းတွေ လုယူသွားခဲ့တဲ့အပြင် ကန်ဆယ်လိုဟာ လုယက်သူတွေရဲ့ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

Featured Photo : Daily Mail