တနင်္ဂနွေနေ့ရဲ့ အစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အဲဗာတန်အသင်းမှ မန်ယူအသင်းကို (၄-ဝ) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်များလိုအပ်နေခဲ့တာကြောင့် ဒီနေ့ပွဲစဉ်မှာ အဓိက ကစားသမားများဖြစ်တဲ့ မာစီယဲလ်၊ လူကာကူ၊ ရပ်ရှ်ဖို့ဒ် တို့နဲ့တိုက်စစ်ပိုင်းကိုအားဖြည့်ကာ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းခံစစ်ပိုင်းမှာလည်း ပွဲပယ်ပစ်ဒဏ်ခံထားရတဲ့ ဘယ်နောက်တမ်းခံစစ်ကစားသမားလုချရှောနေရာမှာ ဒါလော့ ထည့်သွင်းကစားခဲ့တာဖြစ်ပြီး ညာဘက်ခြမ်းကိုတော့ လင်ဒီလော့ဖ်နဲ့ပွဲ ထွက်ကစားခဲ့တာဖြစ်ပါတယ်။

Source : Republik Of Mancunia

အဲဗာတန်အသင်းအနေနဲ့ကလည်း ဆီဂတ်ဒ်ဆန်၊ လူဝင် ၊ ရစ်ချာလီဆန်၊ ဘားနတ်တို့နဲ့ ပုံမှန်ပွဲထွက်နေကြ လူစာရင်းအတိုင်း ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ပထမပိုင်း ပွဲစတယ်ဆိုတာနဲ့ ရစ်ချာလီဆန်၊ ဆီဂတ်ဒ်ဆန်တို့က လျင်မြန်တဲ့ ခြေစွမ်းတွေနဲ့ မန်ယူခံစစ်ကြောင်းကို ကောင်းကောင်းဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပြီး မန်ယူဂိုးပေါက်ကို (၁၀) ကြိမ်တိတိ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပုံစံတိုင်းဖိအားပေးကစား လာခဲ့ရာမှ ပွဲချိန် (၁၃) မိနစ်တွင် အဲဗာတန်တောင်ပံကစားသမား ရစ်ချာလီဆန်ကနေ သေသပ်လှပတဲ့ နောက်ပြန်ဂိုးသွင်းကန်ချက်ဖြင့် အဖွင့်ဂိုးကို လှလှပပကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပွဲချိန် (၂၈)မိနစ်ခန့်မှာ ဆီဂတ်ဒ်ဆန်ရဲ့ အဝေးကစ်ကန်ချက်နဲ့ ဒုတိယမြောက်သွင်းဂိုးကို မန်ယူဘက်မှ ခွင့်ပြုခဲ့ရပြန်တာဖြစ်ပါတယ်။

Source : Royal Blue Mersey

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းအနေနဲ့ တန်ပြန်တိုက်စစ်မဆင်နိုင်ခဲ့တဲ့ အပြင် ပွဲချိန် (၅၆) မိနစ်မှာထပ်မံပြီး အဲဗာတန်ဘယ်နောက်ခံကစားသမား ဒစ်ဂ်နေးရဲ့ အဝေးကန်ချက်ကို ကာကွယ်နိုင်ခြင်းမရှိဘဲ တတိယမြောက်သွင်းဂိုးကို ခွင့်ပြုခဲ့ရပြန်ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်ပိုင်းပြောင်းလဲခဲ့ပေမယ့်လည်း အဲဗာတန် အသင်းကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေတောင်ပြုလုပ်နိုင်ခဲ့ခြင်း မရှိတဲ့အထိ ပွဲကံခေခဲ့တာဖြစ်ပါတယ်။ ပွဲချိန် (၆၄) မိနစ်မှာတော့ ရစ်ချာလီဆန်နဲ့ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဝေါလ်ကော့ မန်ယူဂန္ဒဝင်ဂိုးသမား ဒီဟေးယားကို အသာအယာ ကျော်ဖြတ်ကာ အဲဗာတန်အတွက် စတုတ္ထမြောက်ဦးဆောင်ဂိုး ထပ်မံရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ အခုလိုအဲဗာတန်အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တော်တော်လေး စိုးရိမ်ဖွယ်အခြေအနေကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး လက်ကျန်ပွဲစဉ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

Source : 10z Soccer