တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ဟတ်ဒါဖီးလ်အသင်းပွဲစဉ်မှာတော့ မန်ယူအသင်းအနေနဲ့ မဖြစ်မနေအနိုင်ရလဒ်တွေ လိုအပ်နေပေမယ့်လည်း ဟတ်ဒါဖီးလ်အသင်းကို (၁-၁) ဂိုးသရေရလဒ်ကိုသာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ မန်ယူအသင်းအနေနဲ့ ပေါ့ဘာ ၊ ဆန်းချက်ဇ် ၊ ရက်ဖိုဒ့် နဲ့ တော်မီနေးစတဲ့ ကစားသမားတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပွဲထွက်လာခဲ့တာဖြစ်ပြီး ဟတ်ဒါဖီးလ်အသင်းအိမ်ကွင်းမှာ သေချာပေါက် အနိုင်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ အနိုင်ရလဒ်အတွက် စိတ်အားထက်သန်နေတဲ့ မန်ယူအသင်းအနေနဲ့ ပွဲစတင်ချိန် (၈) မိနစ်မှာပဲ ကွင်းလယ်ကစားသမား တော်မီနေးရဲ့ ဘယ်ခြေကန်ချက်ကနေ အသင်းအတွက် ဦးဆောင်ဂိုးကို ဖန်တီးရယူနိုင်ခဲ့ပါတယ်။

Source : The United Devils

မန်ယူအသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိပြီးချိန်မှာတော့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အားရစရာမရှိတဲ့ ကစားကွက်တွေနဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း ကောင်းစွာအသုံးချနိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုရပါမယ်။ ပွဲချိန်ဒုတိယပိုင်းကို ရောက်ရှိလာချိန်မှာလည်း နှစ်သင်းစလုံးရဲ့ အားထုတ်မှုပိုင်းဟာ ထင်သလောက်အားရစရာမကောင်းခဲ့ပေမယ် တန်းဆင်းဇုန်အတွင်းရောက်ရှိနေတဲ့ ဟတ်ဒါဖီးလ်အသင်းကတော့ မန်ယူအသင်းဘက်ကို အခွင့်ရေးရရင်ရသလို တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး  မန်ယူခံစစ်ကို ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းငယ် ဟတ်ဒါဖီးလ်အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်မှု ဂိုးပေါက်ခြိမ်းခြောက်မှုတွေခံခဲ့ရတဲ့ မန်ယူအသင်းအတွက်တော့ ခံစစ်ပိုင်းမှာအားနည်းချက်တွေရှိနေတယ်ဆိုတာ သိသာစေခဲ့တာဖြစ်ပါတယ်။

Source : Decatur Daily

ပွဲချိန်မိနစ် (၆၀) မှာတော့ ဟတ်ဒါဖီးလ်အသင်းအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ဟတ်ဒါဖီးလ်တောင်ပံကစားသမား အမ်ဘန်ဇာနဲ့ မန်ယူဂိုးသမားဒီဟေးယားတို့ တစ်ဦးချင်းထိပ်တိုက်တွေ့ဆုံခဲ့ရာမှ ပါးပါးနပ်နပ်ပဲ ဒီဟေးယားရဲ့ပေါင်ကြားထဲကနေ ချေပဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ်ရရှိလာချိန်မှာတော့ မန်ယူအသင်းအနေနဲ့ တိုက်စစ်ပိုင်းကိုပြန်လည် ဂရုတစိုက်ကစားလာခဲ့ပေမယ့်လည်း အခွင့်အရေးကြီးကြီးမားမား မရရှိခဲ့တာကြောင့် သရေရလဒ်နဲ့ပဲ ပွဲကို အဆုံးသတ်ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ မန်ယူအသင်းအတွက်တော့ အဆိုးရွားဆုံးရလဒ်တွေနဲ့ ဆက်တိုက်ဆိုသလိုရင်ဆိုင်နေရပြီး အခုပွဲစဉ်ရဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် လာမယ့်ရာသီရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်မဲ့သွားခဲ့ရပြန်ပြီဖြစ်ပါတယ်။

Source : Goal.com