မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ကစားခဲ့တဲ့ တနင်္ဂနွေနေ့ည အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

၂ သင်းစလုံးဟာ အပြန်အလှန် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ကြပီး ထူးခြားတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်အတွက် အလွတ်တည်ကန်ဘောကနေ အနိုင်ဂိုးကို သွင်ယူပေးသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲစဉ်မှာ ပြောစရာအချက် ၅ ချက် ရှိနေခဲ့ပါတယ်။

၁။ ပြီးခဲ့တဲ့အပတ်ပွဲစဉ်မှာ ဘာကြောင့် ဒီလိုမျိုး မကစားနိုင်ခဲ့တာလဲ

Photo: sportskeeda

ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကို အန်းဖီးကွင်းမှာ ယုခရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ပြိုင်ဆိုင်မှု အမြင့်မားဆုံးပွဲစဉ်တွေက တစ်ပွဲအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ မန်ချက်စတာယူနိုက်တက်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး လီဗာပူးလ်အသင်းကတော့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲကြီးပွဲကောင်းဖြစ်လိမ့်မယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ ၂ သင်းစလုံးဟာ ပျင်းရိဖွယ်ကောင်းလောက်အောင်ပဲ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ၂ သင်းစလုံးအတွက် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးတွေကို မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ တနင်္ဂနွေနေ့ည အက်ဖ်အေဖလားပွဲစဉ်မှာလည်း ဒီတိုင်းထပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်ခဲ့ကြမှာဖြစ်ပေမယ့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲစတင်ချိန်ကတည်းက တိုက်စစ်ကို ဖွင့်ကစားခဲ့ကြပြီး ၂ သင်းစလုံးဟာ ပွဲချိန်တလျှောက်လုံးမှာ ဂိုးကန်သွင်းမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကွင်းလယ်ဒိုင် ခရိတ် ပေါ်ဆင်ဟာ ကြမ်းတမ်းတဲ့ပွဲစဉ်ကို အကောင်းဆုံး ကိုင်တွယ်ထိန်းသိမ်းခဲ့ပြီး ကစားသမား ၄ ဦးကိုသာ အဝါကတ်ပြား ပြသခဲ့ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အားလုံးရဲ့စိတ်ထဲမှာ မြင့်တက်နေတဲ့ မေးခွန်းကတော့ ဘာကြောင့် ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ အရင်အပတ်က ပရီးမီးယားလိဂ်မှာ အခုလို မကစားခဲ့ကြတာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဖြေကတော့ ဆိုးလ်ရှားရော၊ ကလော့ပ်ပါ ပရီးမီးယားလိဂ်လိုမျိုး ပထမဦးစားပေးမဟုတ်ပေမယ့် အက်ဖ်အေဖလားကို လိုချင်ကြလို့ပါ။ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အဆင့် ၁ နဲ့ ၂ တိုက်ပွဲဖြစ်တာကြောင့် နိုင်ပွဲရဖို့ထက် မရှုံးဖို့ကိုသာ ပိုမိုအာရုံစိုက်ခဲ့တာဖြစ်ပြီး ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲမဖြစ်ခဲ့တာပါ။

၂။ ကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်မပါဘဲ ယူနိုက်တက်တို့ ဘယ်ကို ရောက်နေမလဲ

Photo: sportskeeda

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ဖာနန်ဒက်စ်မရှိဘဲ ကစားရရင် ဘယ်နေရာမှာ ရှိနေမလဲဆိုတာ မေးသင့်တဲ့မေးခွန်းဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်ဖန်တီးရှင်ဟာ နောက်ထပ်တစ်ကြိမ် ကွဲပြားခြားနားမှုတွေကို အရန်ခုံကနေ လူစားဝင်ကစားပြီး လုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို ပြောရတာက ဖာနန်ဒက်စ် လူစားမဝင်ခင်မှာ ယူနိုက်တက်ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ရှိခဲ့တယ်ဆိုတဲ့ သဘောနဲ့မဟုတ်ပါဘူး။ လက်တွေ့မှာတော့ ၂ သင်းစလုံးဟာ တနင်္ဂနွေနေ့ညပွဲစဉ်မှာ အခွင့်အရေးတွေကို ရယူနိုင်ခဲ့ရင် အနိုင်ရနိုင်တဲ့အသင်းတွေပါ။

ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၅ မိနစ်ပဲ ပါဝင်ကစားပေးခဲ့ပြီး ပွဲအဖြေကို လုံးဝ ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ် မဝင်လာခင်မှာ ယူနိုက်တက်ဟာ ရှေ့တန်းတက်နေတဲ့အချိန်မှာ အန္တရာယ်ပေးနိုင်တဲ့ပုံ ပေါ်ခဲ့ပေမယ့် ဗန်ဒီဘိခ်၊ မက်တွန်မ်နေး၊ ပေါ့ဂ်ဘာတို့ဟာ မကြာခဏ မှန်ကန်တဲ့ ပေးပို့မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ဝင်လာတဲ့အချိန်မှာတော့ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့လို ကစားသမားတွေအတွက် လမ်းစပွင့်သွားသလို ဖြစ်ခဲ့ပြီး ဖာနန်ဒက်စ်ဟာ ရရှိခဲ့တဲ့အခွင့်အရေးကနေ ဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၃။ တိုက်စစ် ကျားသေတွေကို အသက်သွင်းနိုင်ခဲ့တဲ့ လီဗာပူးလ်

Photo: sportskeeda

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကျားသေတစ်ကောင်ဖြစ်နေခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ဂိုးပေါက်မတွေ့ခဲ့ပါဘူး။ တနင်္ဂနွေနေ့ညက ယူနိုက်တက်နဲ့ပွဲမတိုင်ခင် နောက်ဆုံးသွင်းဂိုးက အက်စ်တွန်ဗီလာအသင်းရဲ့ ယူ-၁၈ အသင်းနဲ့ ကစားခဲ့ရတဲ့ပွဲစဉ်မှာဖြစ်ပြီး ယခုအပတ် ဘန်လေနဲ့ပွဲမှာလည်း အဲဒီတုန်းကလိုပဲ ရင်ဆိုင်သွားဖို့ များနေပုံပေါ်ပါတယ်။

တနင်္ဂနွေနေ့ညမှာတော့ အထူးသဖြင့် လီဗာပူးလ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက် ဆာလားနဲ့ ဖာမီနိုတို့ဟာ ၎င်းတို့ရဲ့ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်ပြီး ဥရောပမှာရှိသမျှ ခံစစ်တိုင်း ကြောက်ရွံ့ရတဲ့ ပုံစံကောင်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ဖာမီနိုဟာ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိနေခဲ့ပြီဖြစ်ပြီး ဘောလုံးရယူဖို့အတွက် အချိန်တော်တော်များများမှာ နောက်ချန်နေခဲ့ပြီး ဆာလားဆီကို ပေးပို့မှုပေါင်းများစွာပြုလုပ်ခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး တခြားအသင်းနဲ့ပွဲစဉ်တွေမှာဆိုရင် ၄ ဂိုး၊ ၅ ဂိုးလောက်တော့ သွင်းယူနိုင်မှာသေချာပါတယ်။ ယူနိုက်တက်ရဲ့ လျော့ရဲတဲ့ ခံစစ်ကစားပုံကလည်း တစ်စိတ်တပိုင်းပါဝင်ခဲ့ပြီး ဆာလားရဲ့ ပထမဂိုးမှာ လူကပ်ပုံဟာ ဆိုးရွားလွန်းခဲ့ပြီး ဒုတိယဂိုးမတိုင်မီ ရှေ့တက်ပြီး ဘာကြောင့် စွန့်စားနေခဲ့ကြတာလဲဆိုတာကလည်း လုံးဝကို အံ့အားသင့်စရာပါပဲ။

ယူနိုက်တက်နဲ့ပွဲမှာ ၂၀၂၁ ခုနှစ်အစကတည်းက လီဗာပူးလ်အသင်းရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်ကစားပုံဖြစ်ခဲ့ပြီး ကလော့ပ်အနေနဲ့ ၎င်းရဲ့တိုက်စစ်မှူးတွေ လာမယ့်ကြာသပတေးနေ့မှာ စပါးနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယခုလို ပုံစံကောင်းကို ဆက်လက်ပြသနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုးသာ ကစားနိုင်မယ်ဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ ကျိန်းသေ ဂိုးသွင်းနိုင်မှာဖြစ်တာကြောင့်ပါ။

၄။ ကြီးမားတဲ့စိုးရိမ်စရာဖြစ်နေဆဲဖြစ်တဲ့ လီဗာပူးလ်ရဲ့ခံစစ်ဆိုးရွားမှု

Photo: sportskeeda

လီဗာပူးလ်အသင်းတိုက်စစ်က ယူနိုက်တက်နဲ့ပွဲမှာ ကောင်းသလောက် ခံစစ်ကလည်း ကလော့ပ်အတွက် အဓိကစိုးရိမ်စရာဖြစ်နေဆဲဖြစ်ပါတယ်။ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့အားလုံးဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ သွင်းဂိုးတွေ သွင်းယူသွားခဲ့ပေမယ့် အမှန်တရားကတော့ ၃ ဂိုးစလုံးကို ခွင့်မပြုရအောင် လုပ်လို့ ရနိုင်ခဲ့တယ်ဆိုတာပါပဲ။ ဂရင်းဝုဒ်ဟာ ၎င်းရဲ့ဂိုးအတွက် ဖာဘင်ညိုနဲ့ ရော်ဘတ်ဆန်တို့ရဲ့ နေရာလွတ်များစွာပေးခြင်းခံခဲ့ရပြီး ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးမှာလည်း ဘောလုံးကို ဖြတ်ကျော်ခွင့်ပေးခဲ့တဲ့ ဝီလီယံရဲ့ ကြီးမားတဲ့အမှားကို မြင်တွေ့ခဲ့ရပါတယ်။

ဖာနန်ဒက်စ်ရဲ့ အလွတ်တည်ကန်ဘောကို ဘယ်သူမှ ဘာမှမလုပ်နိုင်ခဲ့ဘူးဆိုပေမယ့်လည်း ကာဗာနီက ခရိတ်ပေါ်ဆင်ရဲ့ မျက်လုံးထဲမှာ ပြစ်ဒဏ်ဘော ပေးချင်လောက်အောင် လှည့်စားနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်သာဆိုရင် ဖာဘင်ညို ကာဗာနီကို မြေကြီးပေါ် လှဲချခွင့်ပြုခဲ့သလိုမျိုး ခွင့်ပြုရအောင် အနီးကပ်ဖို့ လိုမယ်လို့ ဆုံးဖြတ်မလား။ မဆုံးဖြတ်လောက်ပါဘူး။ ဗန်ဒိုက်နဲ့ ဂျိုး ဂိုးမက်ဇ်တို့ဟာ ယခုရာသီရဲ့ အဓိကအချိန်တွေကို လွဲချော်ဦးမှာဖြစ်လို မာတစ်ပ်ကလည်း ပွဲစဉ်တိုင်းကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုမရှိပုံ ရပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ယခုလမှာ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်ပြီး ယာယီဖြေရှင်းမှုဖြစ်ဖြစ် အတွေ့အကြုံရှိတဲ့ နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

၅။ ဘာကြောင့် ဗန်ဒီဘိခ်ကို ယူနိုက်တက် ခေါ်ယူခဲ့ရတာလဲ

Photo: GiveMeSport

မန်ချက်စတာယူနိုက်တက်အသင်းက လီဗာပူးလ်နဲ့ပွဲစဉ်မှာ အထူးသဖြင့် ပေးဂိုး ၂ ဂိုးအတွက် မေးခွန်းထုတ်စရာကောင်းနေခဲ့တဲ့အချိန်မှာ ၎င်းတို့ရဲ့ အကျိုးသက်ရောက်မှုမရှိဆုံးကစားသမားက ဗန်ဒီဘိခ်ဖြစ်ခဲ့ပါတယ်။ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ဘရူနိုဖာနန်ဒက်စ်အစား ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကို အနားပေးချင်တာကြောင့် ထည့်သွင်းခဲ့တာဖြစ်ဖို့များပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့တာတောင်မှ အကျိုးသက်ရောက်မှု ပြသနိုင်ခြင်း လုံးဝမရှိခဲ့ပါဘူး။

ရက်ရှ်ဖို့ဒ်က လီဗာပူးလ်ခံစစ်ကို ပြေးသွားခဲ့တဲ့အချိန်တိုင်း အန္တရာယ်ပေးနိုင်ပုံပေါ်ခဲ့ပြီး မေဆင်ဂရင်းဝုဒ်က ၎င်းရဲ့သွင်းဂိုးကို ကောင်းကောင်း သွင်းယူခဲ့တဲ့အချိန်မှာ ဒတ်ချ်ကွင်းလယ်ကစားသမားကတော့ ပျောက်နေခဲ့ပါတယ်။ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်ပဲ ဗန်ဒီဘိခ်ဟာ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ၆၆ မိနစ်အထိ ကစားခဲ့ရတဲ့အချိန်အတွင်း ၂၃ ကြိမ် ဘောလုံးထိခဲ့ပြီး တိကျတဲ့ပေးပို့မှု ၁၄ ကြိမ်မှာ အဓိကကျတဲ့ ပေးပို့မှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၅ မိနစ်သာ ဝင်ကစားခဲ့ရတဲ့ ဖာနန်ဒက်စ်ဟာ ၂၁ ကြိမ် ဘောလုံးထိခဲ့ပြီး တိကျတဲ့ ဘောလုံးပေးပို့မှု ၉ ကြိမ်မှာ အဓိကကျတဲ့ပေးပို့မှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ သုံးပြီး အိုးထရက်ဖို့ဒ်ကို ခေါ်ယူခဲ့တာလဲဆိုတာကတော့ တော်တော်လေးကို ပဟေဠိဆန်နေပြီး ဒတ်ချ်ကွင်းလယ်ကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ပါရမီရှိပေမယ့်လည်း ယူနိုက်တက်နဲ့ အံမဝင်တဲ့ကစားသမားဖြစ်ပါတယ်။ ယခုလမှာ အငှားနဲ့ ဒတ်ချ်ကွင်းလယ်ကစားသမားကို ထွက်ခွာခွင့်ပြုလိုက်တာ ၂ ဖက်စလုံးအတွက် အကောင်းဆုံးအရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။