မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်တိုက်စစ်မှူး လူကာဂျိုဗစ်၊ အသင်းလက်မဲ့ဖြစ်နေတဲ့ ကာဗာနီတို့အတွက် ကမ်းလှမ်းခြင်းခံခဲ့ရပြီးနောက် ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာကို အကဲဖြတ်နေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးနေ့တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အလုပ်များမယ့်ကာလဖြစ်လာမှာဖြစ်ပြီး ယခုနွေရာသီမှာ အေဂျက်အသင်းကနေ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူမှုတစ်ခုတည်းသာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

Photo: Eurosports

နည်းပြဆိုးလ်ရှားက ညာတောင်ပံ၊ ဘယ်နောက်ခံနဲ့ အထောင်တိုက်စစ်မှူးတစ်ဦးကို အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ခေါ်ယူချင်နေတာဖြစ်ပြီး အသင်းက ပေါ်တိုဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်နဲ့ ဒေါ့မွန်တောင်ပံကြယ်ပွင့် ဆန်ချိုတို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အသင်းရဲ့ အဓိကဦးစားပေးက တိုက်စစ်ဖြစ်မလား ရှင်းရှင်းလင်းလင်းမသိရပေမယ့် ဆိုးလ်ရှားက ယခုရာသီ ချန်ပီယံလိဂ်ကစားရမှာဖြစ်တာကြောင့် ၎င်းရဲ့တိုက်စစ်မှာ ရွေးချယ်စရာ ပိုမိုရှိစေချင်နေတာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါက အပြောင်းအရွှေ့ဈေးကွက်မှာ မူမမှန်တဲ့အခြေအနေကို ဖန်တီးခဲ့ပြီး အသင်းအများအပြားက ကြီးမားတဲ့ဝင်ငွေရလမ်းဆုံးရှုံးခဲ့ပြီးနောက် ၎င်းတို့ရဲ့ လစာပေးချေနေရမှုပမာဏကို လျှော့ချဖို့ ပြင်ဆင်နေတာကြောင့် အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွေမှာ အပြောင်းအရွှေ့တွေ အများအပြားရှိလာနိုင်တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက လူကာဂျိုဗစ်ကို အငှားချဖို့ မန်ချက်စတာယူနိုက်တက်ကို ကမ်းလှမ်းခဲ့ပေမယ့် ဆားဘီးယားတိုက်စစ်မှူးဟာ ယူနိုက်တက်ရဲ့ ပထမဦးစားပေးရွေးချယ်မှုမဟုတ်ဘူးလို့ စိတ်ချယုံကြည်ရတဲ့ဂျာနယ်လစ် ဖက်ဘရီဇီယိုရိုမာနိုရဲ့ ပြောကြားချက်အရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ဖရန့်ဖတ်ကနေ ရီးရဲမက်ဒရစ်ကို ပေါင် ၅၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ရုန်းကန်နေခဲ့ရသူဖြစ်ပြီး ရီးရဲမက်ဒရစ်က ဂျိုဗစ်ကို ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ဆားဘီးယားတိုက်စစ်မှူးအတွက် လက်ရှိမှာ ခေါ်ယူဖို့ ကြိုးပမ်းနေတာမရှိဘဲ တကယ်လို့ တနင်္လာနေ့မှာ အခြားရွေးချယ်စရာပစ်မှတ်တွေကို မရခဲ့ဘူးဆိုရင် ယူနိုက်တက်က ၎င်းတို့ရဲ့ ရွေးချယ်စရာတွေကို ပြန်လည်အကဲဖြတ်သွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း ကာဗာနီအပေါ်ကိုလည်း အဲဒီလိုပဲ ရှုမြင်ထားတယ်လို့ သိရပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး ကစားသမားဘ၀ နေဝင်ချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo: talksport

ကာဗာနီဟာ အသက်အရွယ်အားဖြင့် အကျပိုင်းကို ရောက်ရှိနေပြီဖြစ်ပေမယ့်လည်း မြင့်မားတဲ့လစာပမာဏတောင်းဆိုမှုရှိနေဆဲဖြစ်သလို အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ကာလရှည်စာချုပ် ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်က ဆန်ချို သို့မဟုတ် ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူနိုင်မယ်ဆိုရင် ဆိုးလ်ရှားအနေနဲ့ အထောင်တိုက်စစ်အတွက် အပြောင်းအရွှေ့ကို ပြုလုပ်လိုစိတ် နည်းပါးသွားမှာဖြစ်ပါတယ်။ ညာတောင်ပံ ကစားသမားရောက်ရှိလာမှုက မေဆင်ဂရင်းဝုဒ်ကို တိုက်စစ်ဗဟိုမှာ မကြာခဏပိုမိုအသုံးပြုစေမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ အီဂါလိုတို့ကလည်း ရွေးချယ်စရာအဖြစ် ရှိနေတာဖြစ်ပါတယ်။