ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က ပေါ်တူဂီလူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်အသင်းမှာ တာဝန်ယူကိုင်တွယ်နေတဲ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒေါသထွက်စရာအခိုက်အတံ့ကို ဖောက်သည်ချခဲ့ပါတယ်။

ဒေးလီးမေးလ်အတွက် ရေးသားခဲ့တဲ့ ကော်လံမှာ ကလက်တန်ဘတ်က မော်ရင်ညိုဟာ ၂၀၁၇ ခုနှစ်တုန်းက စတုတ်စီးတီးအသင်းနဲ့ ယူနိုက်တက်တို့ သရေကျခဲ့တဲ့ပွဲစဉ်အတွက် သူ့ကို အပြစ်တင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်ဆုံး အဝတ်လဲခန်းထဲကပါ မောင်းထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာဖြစ်ပါတယ်။

Mark Clattenburg and Jose Mourinho

Photo: The Sun

“အဲဒီပွဲက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က စတုတ်နဲ့ မန်ယူနိုက်တက်တို့ပွဲပါ။ ပွဲပြီးပြီးတော့ သိပ်မကြာဘူး။ ကျွန်တော့် အဝတ်လဲခန်းတံခါးကို လာခေါက်ပါတယ်။ ယူနိုက်တက်နည်းပြ မော်ရင်ညိုက အခန်းထဲကို ဝင်လာတယ်။ ခင်ဗျား ဒီအချိန်မှာ ပျော်နေရမှာလေလို့ ကျွန်တော်က ပြောခဲ့ပါတယ်”

“ဒီ သရေပွဲအတွက် မင်း ငါ့ကို အပြစ်တင်လို့မရနိုင်ဘူးလေ။ မင်း အပြစ်တင်လို့ ရလို့လားဆိုတော့ သူက အပြစ်တင်နိုင်တယ်လို့ ပြောပါတယ်။ သူ စပြီး ရိုင်ယန် ရှောခရော့စ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ လက်ထိဘောကိစ္စကို ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မင်းက ဘယ်လိုထင်လို့လဲ။ ငါ အဲဒီကိစ္စကို မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့တယ်။ ငါ မှန်ခဲ့တယ်ဆိုတာ ငါသိတယ်လို့ ကျွန်တော် ပြောခဲ့တယ်။ သူက မမှန်ဘူး။ ငါ ဗီဒီယိုကို မြင်ခဲ့တယ်။ မင်းဆုံးဖြတ်တာ မှားခဲ့တယ်ဆိုပြီး သူက အဲဒီလို ဆက်တိုက်ပြောလာတယ်။ အဲဒါနဲ့ ပါးစပ်ပိတ်ထား ဟေ့လူ။ ခင်ဗျား ပါးစပ်ပိတ်မှာလားလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်”

Mark-Clattenburg-Jose-Mourinho-Football365

Photo: Football365

“ကျွန်တော် ရှောခရော့စ်ကိစ္စကို တွေးရင်းနဲ့ အိမ်ကို ကားမောင်းပြီး ပြန်ခဲ့တယ်။ တစ်နေ့တာ ပွဲစဉ်များ အစီအစဉ်မှာ အဲဒီဖြစ်စဉ်ကို ကျွန်တော် ပြန်ကြည့်ခဲ့တယ်။ ကျွန်တော် ဆုံးဖြတ်တာ မှန်ခဲ့ပါတယ်။ ဘောလုံးက သူ့ရဲ့ ရင်ဘတ်ကို ထိသွားခဲ့တာပါ။ အဲဒီတော့ ဘာကြောင့် မော်ရင်ညိုက ကျွန်တော့်ကို ခေါင်းလာစားနေတာလဲမသိဘူး”

“ကျွန်တော် အဲဒီည အိပ်ရာဝင်ခဲ့ပြီး ကျွန်တော် ဒီလောက်ဆို မှန်တယ်ဆိုတာ သိပြီဆိုတော့ လုံလောက်ပြီဆိုတာ သိခဲ့ပါတယ်။ ခင်ဗျား သိလား။ ကျွန်တော် တွေးမိခဲ့တာက ဒီလို အရူးကြောင့် ထပ်ပြီး စိတ်အနှောင့်အယှက် အဖြစ်မခံနိုင်ဘူးဆိုတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Football365