ကမ္ဘာတလွှား သီချင်းအယ်လ်ဘမ်အချပ်ရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့သလို ရုပ်ရှင်နဲ့ TV ရှိုးပေါင်း ၅၀ ကျော်မှာပါ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူ Meat Loaf ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

ကမ္ဘာကျော် ရော့ခ်အဆိုတာ်တစ်ဦးဖြစ်တဲ့ Meat Loaf ဟာ Bat Out Of Hell အယ်လ်ဘမ်နဲ့ လူသန်းပေါင်းများစွာရဲ့ နှလုံးသားကို သိမ်းကျုံးထားနိုင်ခဲ့သူ ဖြစ်သလို I’d Do Anything For Love သီချင်းနဲ့ ၁၉၉၄ ခုနှစ်မှာ ဂရမ်မီဆု ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်က ကမ္ဘာကျော်ခဲ့တဲ့ Bat Out Of Hell ဟာ ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်တွေထဲက တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးအချပ်ရေ ၄၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

Meat Loaf

Photo: NME

Meat Loaf ရဲ့ အအောင်မြင်ဆုံးအယ်လ်ဘမ်ကို သီချင်းရေးဆရာ ဂျင်မ် စတိန်းမန်း နဲ့အတူ အလုပ်လုပ်ခဲ့ပြီး တော့ဒ် ရွန်းဂရန်က ထုတ်လုပ်ခဲ့တာပါ။ Bat Out Of A Hell အယ်လ်ဘမ်ကြောင့် Meat Loaf ဟာ ရော့ခ်ဂီတမှာ လူသိအများဆုံး ဖျော်ဖြေနိုင်တဲ့ အဆိုတော်ဖြစ်လာခဲ့သလို ရော့ခ်ဂီတချစ်သူတွေလည်း သူ့ရဲ့ ပေါက်ကွဲ Vocal မှာ နစ်မျောပျော်ဝင်ခဲ့ပါတယ်။ Bat Out Of Hell ဟာ ‌Meat Loaf အတွက်ရော ရော့ခ်အင်ရိုးသမိုင်းမှာပါ မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။

Rolling Stone ကတော့ ဒီအယ်လ်ဘမ်ဟာ အကောင်းဆုံးအယ်လ်ဘမ် အချပ် ၅၀၀ မှာ ၃၄၃ နေရာက ဖော်ပြခဲ့ပါတယ်။ ဂျင်မ်စတိန်းမန်းနဲ့ ပြန်ပေါင်းထုပ်ပြီး ၁၉၉၃ မှာ ထွက်ခဲ့တဲ့ Bat Out of Hell II: Back Into Hell ထဲက I’d Do Anything For Love (But I Won’t Do That) ဟာ အဲ့ဒီနှစ်အတွက် ယူကေရဲ့ အရောင်းရဆုံး တစ်ကိုယ်တော်အခွေဖြစ်ပြီး စုစုပေါင်း အခွေ ၁၅ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။


Photo : Times of Malta

စတိန်းမန်းကတော့ ကျောက်ကပ်မကောင်းတာကြောင့် ပြီးခဲ့တဲ့တစ်နှစ်က ကွယ်လွန်သွားခဲ့ပါတယ်။ Meat Loaf ကွယ်လွန်ရတဲ့ အကြောင်းအရင်းတော့ မသိရသေးပါဘူး။ နာမည်အရင်း မာဗင် လီးအဒေးဟာ ရုပ်ရှင်ကားပေါင်း ၆၅ ကားကျော်မှာလည်း ပါဝင်ခဲ့ပြီး ဒီထဲမှာ Rocky Horror Picture Show နဲ့ Fight Club လို ကားတွေလည်း ပါဝင်ခဲ့ပါတယ်။

Featured Photo: theaustralian