တရားထိုင်ခြင်း Meditation ဆိုတာ နှစ်ထောင်ပေါင်းများစွာ ကတည်းက အရှေ့တိုင်းရဲ့ စိတ်ပိုင်း ဖွံ့ဖြိုးမှု Mental Development ဆိုင်ရာ ကောင်းမွေတစ်ရပ် ဖြစ်ခဲ့တဲ့ အရာတစ်ခုပါ။ အခုတော့ Meditation အလေ့အထ ဆိုတာ ကမ္ဘာနဲ့ချီပြီး လူတွေရဲ့ စိတ်နေသဘောထား မြင့်မားရေး ၊ ဘဝပြဿနာတွေကို ပိုပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ရေး ၊ နေ့စဉ် ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေကို ငြိမ်းအေးစွာ ဖြတ်ကျော်နိုင်ရေး စတဲ့ စတဲ့ ကောင်းမြတ်မှန်ကန်ပြီး အောင်မြင် တဲ့ ဘဝလမ်းကြောင်းတစ်ခု ပုံဖော်ရေးမှာ သိပ်ကို အရေးပါပြီး ထိရောက်တဲ့ အလေ့အကျင့်တစ်ခုအဖြစ် လက်ခံလာကြပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အင်မတန် ထူးချွန်ထင်ရှားပြီး အောင်မြင်ကျော်ကြားကြတဲ့ အမှုဆောင်အရာရှိချုပ် CEO တွေ ကနေ ရုပ်ရှင်မင်းသား ၊ အားကစားသမားနဲ့ အနုပညာရှင်လိုမျိုး ထင်ပေါ်ကျော်ကြားတဲ့ Celebrities တွေအထိ တရားထိုင်ခြင်းဟာ အဆင့်မြင့် စိတ်ကျင့်စဉ်တစ်ရပ်အဖြစ် လက်ခံလိုက်နာ ကျင့်သုံးလာနေကြပါတယ်။
တစ်နည်းအားဖြင့် တရားထိုင်တဲ့ အလေ့အထဟာ နေ့စဉ် စိတ်ဖိစီးမှုကို ကိုင်တွယ်ခြင်းကနေ ဘဝ အောင်မြင် ရေး လမ်းကြောင်းအထိ တွန်းတင်နိုင်တဲ့ အလေ့အကျင့်ကောင်းအဖြစ် အများက သဘောတူလာကြတာပါပဲ။ နေ့စဉ်ဘဝထဲမှာ Meditation အလေ့အကျင့်လေး ပုံမှန် လုပ်သွားခြင်းကနေ လူတစ်ယောက်ကို အောင်မြင် တဲ့ ဘဝလမ်းကြောင်းပေါ် ရောက်စေနိုင်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဘယ်လို အကြောင်းကြောင့် တရားထိုင်တဲ့ အလေ့အကျင့်က ကွီး တို့ကို အောင်မြင် တဲ့ ဘဝပိုင်ရှင်အဖြစ်ကို ရောက်စေနိုင်တာလဲ ဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ်
Photo : Unsplash
တစ်ခါမှ တရားမထိုင်ဖူးသူတစ်ယောက်အဖို့ တရားထိုင်မယ်ဆိုရင် ပထမဆုံး ရမယ့် အကျိုးကျေးဇူးကတော့ ချမ်းချမ်းသာသာ အိပ်စက် ပြီး ကြည်ကြည်လင်လင် နိုးထလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားရှုမှတ်ပြီး အိပ်ရာဝင်တဲ့အချိန်မှာ တစ်ညကို ၇ နာရီ ၈ နာရီ တချိုးတည်း ပျော်ပျော်ကြီး အိပ်နိုင်လာပါမယ်။ အနှောင့်အယှက်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်တာနဲ့ အောင်မြင် မှုရတာ ဘာဆိုင်လဲလို့ ထင်ပါလိမ့်မယ်။
အိပ်စက်မှု အရည်အသွေး တက်လာတဲ့ လူတစ်ယောက်ဟာ ခေါင်းက ကြည်ပြီး စိတ်က ထက်မြက်လာပါတယ်။ ဖန်တီးနိုင်စွမ်း နဲ့ ထိုးထွင်း တွေးခေါ် သိမြင်နိုင်စွမ်း ဘက်ကလည်း ပိုလို့ တိုးတက်လာတာကို သိသိသာသာ မြင်တွေ့ရပါလိမ့်မယ်။ တရားထိုင်ခြင်းဟာ စိတ်ကို အစီအစဉ်တကျ ဖြစ်စေပြီး အဓိပ္ပါယ်မဲ့ လျှောက်တွေးနေတဲ့ အတွေးစဉ်တွေ ကနေ ရပ်ဆိုင်းထားလိုက်ပါတယ်။
အတွေးတွေ ခံစားချက်တွေကို ရှင်းထုတ်ထားနိုင်တဲ့အခါ လူဟာ ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် ပိုပြီး ထိရောက် ထက်မြက်တဲ့ စိတ်စွမ်းအားကို ရရှိလာနိုင်ပါတယ်။ ဒါဟာ တရားထိုင်သူတိုင်း ရမယ့် အကျိုးကျေးဇူး ဖြစ်ပြီး အင်မတန်လည်း အကျိုးများတဲ့ ကိစ္စတစ်ခုရဲ့ အစလို့ ဆိုနိုင်ပါတယ်။
(၂) အလုပ်နိုင်စွမ်း ပိုကောင်းလာမယ်
Photo : Unsplash
အောင်မြင် ချင်ရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပုံစံ ရအောင် တည်ဆောက်ထားဖို့ လိုပါတယ်။ စိတ်နေ သဘောထားတွေ ပိုပြီး ရင့်ကျက် တည့်မတ် လာအောင် ၊ သောကနည်းပြီး အကောင်းမြင်စိတ် ပိုထက်သန်လာအောင် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ပိုမြင့်မားပြီး စိတ်တည်ငြိမ် အေးချမ်းမှု မြင့်လာအောင် လေ့ကျင့်ထားဖို့ လိုပါတယ်။
Meditation တရားထိုင်ခြင်းက လူတစ်ယောက်ရဲ့ ထုတ်လုပ်နိုင်စွမ်း Productivity ပိုကောင်းလာစေနိုင်ပါတယ်။ အိပ်ရေးဝနေတဲ့ လူတစ်ယောက်အဖို့ ခေါင်းကြည်ကြည် နဲ့ ဆက်စပ်စဉ်းစားနိုင်သလိုမျိုး တရားထိုင်ခြင်းကြောင့် စိတ်စုစည်းမှုနဲ့ စိတ်စွမ်းအင် မြင့်မားနေတဲ့ လူတစ်ယောက်ဟာ Focus ပို ရှင်းလာပြီး ဖြောင့်ဖြောင့်တန်းတန်း လမ်းမှန်ရောက်အောင် တွေးခေါ်လာနိုင်ပါတယ်။
ပုံမှန် ဆက်တိုက် တရားထိုင်သွားခြင်းအားဖြင့် ဦးနှောက်အတွင်း အပြောင်းအလဲတွေ ဖြစ်လာတယ်လို့လည်း လေ့လာမှုတွေက ထောက်ခံထားပါတယ်။ ဒီထဲမှာ Amygadala လို့ ခေါ်တဲ့ ကြောက်စိတ်နဲ့ ခံစားထိခိုက်မှုကို ထိန်းချုပ်တဲ့ အစိတ်အပိုင်းကို ကျုံ့သွားစေပြီး ပျော်ရွှင်မှုနဲ့ နိုးကြား တက်ကြွတဲ့ စိတ်ခံစားချက်ကို ဖြစ်စေတဲ့ Dopamine နဲ့ Serotonin ရှိရာ ဦးနှောက်ဆဲလ်အရွယ်အစားတွေကို ကြီးထွားစေတယ် ဆိုပြီး ဖော်ပြထားတာ ရှိပါတယ်။
ဒါတင်မဟုတ်ဘဲ ဦးနှောက်ရဲ့ လေ့လာသင်ယူမှု နဲ့ ပြဿနာကို ဖန်တီးမှုရှိရှိ ဖြေရှင်းတဲ့ အပိုင်းအတွက် တာဝန်ယူထားတဲ့ ဗဟို အာရုံကြောအထိန်းစနစ်အပိုင်းကိုပါ ပိုကြီးလာစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
(၃) ပင်ကိုယ်သိစိတ် မြင့်မား စေတယ်
Photo : Unsplash
ဆုံးဖြတ်ချက်တစ်ခုခု ချရာမှာ အခက်အခဲ တွေ့တတ်တဲ့သူတွေ ၊ ကိုယ့်ကိုယ်ကိုယ် မတင်မကျ ဖြစ်တတ်သူတွေအတွက် နေ့စဉ် တရားထိုင်ခြင်းက အကောင်းဆုံးအဖော်လည်း ဖြစ် အထိရောက်ဆုံး ဆေးတစ်လက်လည်း ဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ဆုံးဖြတ်ချက်ချတာ နဲ့ ပြဿနာကို ယုတ္တိဗေဒနည်းအရ အဖြေရှာရာမှာ ဘယ်ဘက်ဦးနှောက်ကို သုံးကြလေ့ ရှိပါတယ်။
Meditation လုပ်တာက ဘယ်ဘက်ရော ညာဘက်ခြမ်းက ဖန်တီးမှုကို မြှင့်တင်ပေးတဲ့ ဦးနှောက်အပိုင်းကိုပါ ပိုအားကောင်းစေပါတယ်။ ဘယ်ညာ ဦးနှောက်နှစ်ခြမ်းကို ဟန်ချက်မျှ သုံးခြင်းအားဖြင့် ပြဿနာတစ်ရပ်အတွက် အဆုံးအဖြတ် နဲ့ ရွေးချယ်ချက် ပေးရာမှာ ဗီဇစိတ်အရ အကောင်းဆုံး ဆုံးဖြတ်နိုင်တဲ့ ပင်ကိုယ်သိစိတ် Intuition Power ပိုတက်လာစေနိုင်ပါတယ်။
လုပ်ငန်းကြီးတွေကို ဦးစီးနေရပြီး အလွန်ကို ခက်ခဲတဲ့ အဆုံးအဖြတ်တွေ နေ့စဉ် ပေးနေရတဲ့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်တွေ ၊ နိုင်ငံ့ခေါင်းဆောင်နဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ဦးနှောက် သန်စွမ်းဖို့အရေး Gym ကစားပေးသလိုမျိုး နေ့စဉ် Meditation ဝင်ကြပါတယ်။ တရားထိုင်ခြင်းက သင့်အိတ်ကပ်ထဲ ပိုက်ဆံတွေ မျက်မြင်ဒိဌ ဝင်စေမှာ မဟုတ်ပေမယ့် တရားထိုင်သူဟာ တစ်နေ့ထက် တစ်နေ့ အဆင့်မြင့်သထက် မြင့်တဲ့ လူအဖြစ်ကို ရောက်စေနိုင်ပါတယ်။ အဆင့်မြင့်တဲ့ လူတစ်ယောက် ဖြစ်ခြင်းက ပိုက်ဆံသန်းချီ ချမ်းသာတာထက် ပိုပြီး အရေးပါတဲ့ အောင်မြင် မှုကို ရနေတာပဲ မဟုတ်လား။
Featured Photo : Entrepreneur