ကျန်းကျန်းမာမာနေနိုင်ဖို့ဆိုတာ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရတို့ရဲ့ ညီညွတ်မျှတ သဟဇာတဖြစ်ဖို့လိုပါတယ်။ ဒီထဲမှာ အရေးကြီးဆုံးအဖြစ် ကံနဲ့ စိတ်ကို ရှေ့ဆုံးက ထားပြောကြပါတယ်။ ဒါကြောင့် ချုချာဖျားနာ အဖြစ်နည်းပြီး စိတ်လက်ချမ်းမြေ့စေဖို့ စိတ်နဲ့ ကံကို ပြုပြင်ပေးမယ့် နည်းလမ်းကောင်းတစ်ခုကို ညွှန်းချင်ပါတယ်။
အဲ့ဒါကတော့ စိတ်နဲ့ ကိုယ်ကို လေ့ကျင့်စောင့်ကြည့်တဲ့ တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်းဟာ စိတ်လက်သက်သာပြေလျော့စေတာကြောင့် စိတ်ဖိစီးမှုကိုင်တွယ်ရာမှာ သုံးနိုင်သလို အဖျားအနာနဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင်ပါ ဆေးဝါးအနေနဲ့ပါ လက်စွဲထားသင့်ပါတယ်။

Photo: Men’s Journal
အခုချိန်မှာ တရားထိုင်ခြင်းဟာ ကျန်းမာရေးအကျိုးများကြောင်း လက်ခံသူ များလာပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ရှုပ်ထွေးမှုနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေကို ဖြေရှင်းနိုင်သလို မကြာခဏနာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ်။ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။
ပုံမှန်တရားထိုင်ပေးခြင်းအားဖြင့် သွေးတိုးခြင်းနဲ့ ကိုလက်စထရော Level ကျဆင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်ဖြစ်တတ်သူတွေဟာ တရားထိုင်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အကျိုး ခံစားရမှာ ဖြစ်ပါတယ်။ တရားထိုင်နေစဉ် ဦးနှောက်ရဲ့ လှုပ်ရှားမှုကို လျှပ်စီးလှုပ်ရှားမှုနဲ့ ပုံဖော်တိုင်းတာပေးတဲ့ EEG နဲ့ သံလိုက်အသံလှိုင်း ပုံဖော်မှု MRI တွေ သုံးပြီး လေ့လာရာမှာ တရားထိုင်ခြင်းဟာ ဦးနှောက်လှုပ်ရှားမှုကို ပြောင်းလဲပေးနိုင်တယ်လို့ တွေ့ထားပါတယ်။
တရားထိုင်ဖို့အတွက် ဘာငွေကြေး ကုန်ကျမှုမှ မရှိပါဘူး။ တရားထိုင်မယ်ဆိုရင် တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းတဲ့ နေရာတစ်ခုပဲ လိုပါတယ်။ သက်တောင့်သက်သာထိုင်ပြီး ဖြစ်စေ လဲလျောင်းရင်းဖြစ်စေ တရားထိုင်နိုင်ပါတယ်။ စိတ်အာရုံ စုစည်းမှုဖြစ်စေဖို့ အရင်ဆုံး အသက်ရှုသွင်း/ရှုထုတ်မှုပေါ် အာရုံစိုက်တာ ၊ ခန္ဓာကိုယ်ရဲ့ ပူခြင်း/အေးခြင်း ၊ တင်းခြင်း /လျော့ခြင်း တစ်ခုခုပေါ် အာရုံစိုက်ပါ။

Photo: VeryWellMind
တစ်ချို့ကလည်း စကားလုံးတစ်ခုခုပေါ် အာရုံစိုက်တာ ၊ အရာဝတ္ထုတစ်ခုခုပေါ် စိတ်စိုက်ထားတာမျိုးလည်း လုပ်ကြပါတယ်။ စိတ်ထဲက အာရုံတွေကို ဘယ်လိုမှ ဝင်ရောက်ဆုံးဖြတ်သုံးသပ်မှု မလုပ်ဘဲ ဒီအတိုင်းစိတ်ကို ဖြေလျော့ထားပြီး စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ် – မိနစ် ၂၀ လောက် တိတ်ဆိတ်စွာ တရားရှုမှတ်ကြည့်မယ်ဆိုရင် စိတ်ရောရုပ်ပါ ကြည်လင်ရွှင်လန်းပြီး သိသိသာသာ ကျန်းမာလာမှာ ဖြစ်ပါတယ်။
